
ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
မန္တလေးမြို့၏ အရှေ့မြောက်ဘက် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နေလယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ခ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်မှုအပါအဝင် ယနေ့ ဧပြီ ၈ ရက်နေ့အထိ နောက်ဆက်တွဲ အင်အားအသင့်အတင့်နှင့် အင်အားသေး ငလျင်လှုပ်ခတ်မှု အကြိမ် ၁၀၀ ပြည့်လာပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်တွင် ယနေ့ ဧပြီ ၈ ရက်နေ့ နံနက် ၄ နာရီ ၁၈ မိနစ်က အင်အား ၃ ဒသမ ၇ ရစ်ခ်တာစကေးအဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ အဆိုပါငလျင်သည် မတ်လ ၂၈ ရက်မှ ဧပြီ ၈ ရက်အထိ ၁၁ ရက် အတွင်း အကြိမ်ရေ ၁၀၀ ပြည့်အဖြစ် လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
” ငလျင်လှုပ်တာမပြီးနိုင်တော့ဘူး။ စိတ္တဇဖြစ်နေပြီ။ ခေါင်းမူးနေသလိုအမြဲဖြစ်နေတာ။ ဘယ်ပြေးရမလဲ မသိဘူး။ ငလျင် လှုပ်မှာကြောက်နေပြီ” မန္တလေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မန္တလေးနှင့် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး နောက်ဆက်တွဲလှုပ်ခတ်မှုများ၌ တစ်နေ့လျှင် အကြိမ်ရေ ငါးကြိမ်မှ ရှစ်ကြိမ်အထိ အနည်းဆုံးလှုပ်ခတ်ပြီး အင်အားရစ်ခ်တာစကေး ၃ ဒသမ သုညမှ ၅ ဒသမ ၉ ကြားလှုပ်ခတ်လျက်ရှိကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
အဆိုပါငလျင်များသည် စစ်ကိုင်းပြတ်ရွေ့နှင့် ကျောက်ကြမ်းပြတ်ရွေ့ပေါ်ရှိ မြို့နယ်များကိုဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
မတ်လ ၂၈ ရက်နေ့က အင်းအာအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ယမန်နေ့ ဧပြီ ၇ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် သေဆုံးသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦးရှိကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။
ဓာတ်ပုံ – kyaw Thu ya
#ငလျင်ကြီးလှုပ်ပြီး #ငလျင်သေးလှုပ်မှု #အကြိမ်တစ်ရာပြည့် #မန္တလေး #စစ်ကိုင်းငလျင် #Ayeyarwaddy_Times