ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် အရှင်ဖမ်းဆီးရမိပြီး ၁၂၀မမအမြောက်ကြီးများကိုပါ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့ကို ယမန်နေ့ ဧပြီ ၇ ရက် ည ၉နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ညကတည်းက သိမ်းနိုင်ခဲ့တာမှန်ပါတယ်။ စစ်ရေးဆိုင်ရာစက်တွေဘာတွေလည်း သိမ်းဆည်းရမိတယ်။ လက်နက်ချတဲ့ သူလည်းရှိတယ်။ ရန်သူကထွက်ပြေးစရာ လမ်းကြောင်းများတော့ ထွက်ပြေးသွားသူ တွေလည်းရှိတယ်” ဟု တော်လှန်ရေးရဲဘော်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အင်းတော်မြို့ရှိ ဂျပန်လှိုဏ်ဂူကုန်းတွင် တပ်စွဲ၍ လက်နက်ရိက္ခာနှင့် လူအင်အားကို လေကြောင်းမှဖြည့်တင်းပြီး တော်လှန်ရေးတပ်ဖွဲ့များကို ခုခံနေခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့ကတည်းက အင်းတော်မြို့ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၇၇ က ဂျပန်လှိုဏ်ဂူကုန်းတွင် တပ်စွဲ၍ ခုခံနေခဲ့ခြင်း ဖြစ်သည်။

“မြို့သိမ်းတိုက်ပွဲမို့ ရန်သူနဲ့က သုံးနဲ့ လေးလိုဖြစ်နေတယ်။ အပစ်ရပ်ကြေညာတယ်ဆိုပေမယ့် ရန်သူ ဘက်က လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ပစ်တာမျိုးဆိုတော့ ထိတွေ့တိုက်ပွဲက ဖြစ်နေတယ်။ ရန်သူနဲ့က ထိတွေ့တိုက်ပွဲဖြစ်နေတာပေါ့” ဟု အမျိုးသမီးရဲဘော်က ဆိုသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကျောင်းသားတပ်မတော် (ABSDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုံစာ-အင်းတော်မြို့သိမ်းတိုက်ပွဲအပြီးတွင် သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။
#အင်းတော် #မြို့သိမ်းတိုက်ပွဲ #စစ်သုံ့ပန်း #၄၀ကျော် #အမြောက်ကြီးများ #သိမ်းပိုက် #Ayeyarwaddy_Times