ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

အိန္ဒိယနိုင်ငံသားများ အနေဖြင့် စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအား သတင်းပေးပို့ခြင်းကို ရှောင်ကျဉ်သင့်ကြောင်း ယမန်နေ့ ဧပြီ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်တွင်ကယ်ဆယ်ရေးလုပ်အားပေးလာသူ အိန္ဒိယနိုင်ငံသားတစ်ဦးသည် လွန်ခဲ့သော ၅ ရက်ခန့်က စစ်ကောင်စီ၏ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ကိုင်တွယ်ပုံကို ဝေဖန်ရေးသားကာ လူမှုကွန်ရက်ပေါ်တင်ခဲ့သည့်အတွက် ၎င်းကို ရည်ညွှန်းကာ အိန္ဒိယသံရုံးအနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအန္ဒိယနိုင်ငံသား ကယ်ဆယ်ရေးသမားသည် ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့ မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ သေနတ်ပြောင်းဝရှေ့တွင် အကူညီမဲ့နေကြောင်း၊ လူသေဆုံးမှု များသည့် စစ်ကိုင်းသို့ သွားချင်သော်လည်း သွားခွင့်မရကြောင်း၊ တိုင်းပြည်အတွက် အဆိုးဆုံးအချိန်တွင် စစ်တပ်အနေဖြင့် လူသားဆန်မှုနှင့် စာနာမှုရှိသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဝေဖန်ပြောဆိုသည့် အကြောင်းအရာမှာ ၎င်းအိန္ဒိယနိုင်ငံသားတစ်ဦးတည်း၏ ပုဂ္ဂလိကအမြင် ဖြစ်ပြီး အိန္ဒိယအစိုးရနှင့် မသက်ဆိုင်ကြောင်းလည်း သံရုံးက ထပ်မံပြောဆိုထားသည်။

သံရုံး၏ ထိုသို့ထုတ်ပြန်မှုနှင့်ပတ်သက်၍လည်း အဆိုပါအိန္ဒိယနိုင်ငံသားက ၎င်းအနေဖြင့် မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံသားအားလုံးကို လေးစားကြောင်း၊ ၎င်းအနေနှင့် ငလျင်ဒေသသို့ ရောက်ရှိခြင်းမှာ မည်သည့်အဖွဲ့အစည်း၏ ကိုယ်စားပြုမှ မဟုတ်ဘဲ လူသားတစ်ဦး အနေနှင့်သာရောက်ရှိကြောင်းနှင့် ၎င်း၏အစိုးရအပေါ် မကောင်းသည့်မှတ်ချက်များ မပြုကြရန်တောင်းပန်ကြောင်း စသည်ဖြင့် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်မှတ်ချက်ပြု ပြောဆိုခဲ့သည်။

အဆိုပါအိန္ဒိယကယ်ဆယ်ရေးသမားမှာ YouTuber တစ်ဦးဖြစ်ပြီး လူအများအာရုံစူးစိုက်မှုရရန် မြန်မာသို့ လာခြင်းဖြစ် ကြောင်း၊ ၎င်း၏ လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်ကြောင့် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း စသည်ဖြင့်ရေးသားထားသည့် တိုင်ကြားစာကို ပြည်သူတစ်ဦးက အိန္ဒိယသံရုံးကို ပေးပို့ခဲ့သည်ဟု စစ်ကောင်စီလက်ဝေခံ မီဒီယာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – Embassy of India, Yangon

#အိန္ဒိယသံရုံး #စစ်ကိုင်းငလျင် #စစ်ကောင်စီ #Ayeyarwaddy_Times