ဧရာ၀တီတိုင်းမ်
ဧပြီ ၈ ရက်

ငလျင်ဘေးသင့် နေပြည်တော်နှင့်မန္တလေးအပါအဝင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် လာမည့် ဧပြီ ၉ ရက်နေ့၌ မိုးထစ်ချုန်း၍ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ကထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေကာ လာမည့် ဧပြီ ၉ ရက်နေ့ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာသွန်းနိုင်သည်။

ထို့ပြင် နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်ဒေသများတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ က ဆိုထားသည်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ထိုမှတဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ လာမည့် ဧပြီ ၁၀ ရက်နေ့ တွင် ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု မိုး/ဇလ ခန့်မှန်းထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MHADM) ကလည်း ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်း ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်းတို့နှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုနိုင်ကြပါရန်နှင့် အမိုးအကာများ ကြိုတင်ပြင်ဆင် နိုင်ရန် အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ-မိုး/ဇလ

#ငလျင်ဘေး #နေပြည်တော် #မန္တလေး #ရန်ကုန်မြို့ #မိုးထစ်ချုန်း #နေရာကွက်ကျားမိုးရွာ #AyeyarwaddyTimes