
(ဟားခါး)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၈ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲခံရသည့် စစ်ကောင်စီတပ်သား နှစ်ဦးအပါအဝင် သုံးဦးသည် လက်နက်ခဲယမ်းအပြည့်စုံနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ် (ဟားခါး)ထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ နှင့် ဧပြီလ ၆ ရက်နေ့တို့တွင် ဟားခါးမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း အသီးသီးတွင် တာဝန်ထမ်းဆောင်သည့် စစ်ကောင်စီတပ်သား သုံးဦးသည် CDF-Hakha ထံ ဆက်သွယ်၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
“မတ်လမှာ နှစ်ဦးရယ်၊ ဧပြီလမှာ တစ်ဦးရယ် စုစုပေါင်း သုံးဦး ကျွန်တော်တို့ဆီ ဆက်သွယ်လာပြီး အလင်းဝင်လာတာပါ။ အကုန်လုံးက အာဏာသိမ်းပြီးမှ စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲရောက်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့လုပ်သက်တွေကလည်း ၂နှစ်၊ ၁နှစ်လောက်နဲ့ တပ်သားသစ်တွေချည်းဖြစ်ပါတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သား သုံးဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာသည့်အတွက် လက်နက်ခဲယမ်းတန်ဖိုးအလိုက် ဆုကြေးငွေများချီမြင့်ပေးကာ လွတ်မြောက်နယ်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းလိုပါက CDF Hakha က အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံသည့်နေရာရောက်သည့်အထိ တာဝန်ယူပေးမည်ဟုဆိုသည်။
” ကျွန်တော်တို့က မည်သူမဆို အလင်းဝင်ရောက်လာချင်တဲ့သူတွေဆိုရင် အမြဲတမ်း ကြိုဆိုတယ်။ လက်နက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျွန်တော့်ဆီ ဆက်သွယ်ပြီး အလင်းဝင်လို့ ရတယ်။ အလင်းဝင်သူတွေ လက်နက်ခဲယမ်းတွေပါရင် ထိုက်တန်တဲ့ ဆုငွေတွေ ချီးမြှင့်မယ်။ ပြီးရင် သွားချင်တဲ့နေရာအရောက် ပို့ပေးသွားမယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွါးခြင်း မရှိသော်လည်း စစ်ကောင်စီတပ်သည် ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်ကို မကြာခဏ ပိတ်ထားပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်းသိရသည်။
CDF-Hakha သည် လေးနှစ်တာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၂၆ ကြိမ်ဆင်နွှဲခဲ့ပြီး အဆိုပါ တိုက်ပွဲများတွင် နိုင်ငံနှင့်လူမျိုးအတွက် CDF-Hakha ရဲဘော် ၅၂ ဦးအသက်ပေးလှူခဲ့ကာ ရဲဘော် ၁၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#ဟားခါးမြို့ #စစ်ကောင်စီတပ်သား၃ဦး #လက်နက်ခဲယမ်းများ #ပြည်သူ့ရင်ခွင်ခိုလှုံ #Ayeyarwaddy_Times