ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ညောင်ကျိုးစခန်းကို ပြန်လည်ရရှိစေရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ နောက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ညောင်ကျိုးမှ ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ခြေထောက်အနီး လျှော်ဖြူ စခန်းမှတစ်ဆင့် ဆက်လက်ဆုတ်ခွာကာ ခံစစ်ပြန်လည်ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ကပစ-၆ ကနေ တပ်အမှတ် စိစစ်ဆဲ စစ်ထွက်တပ် ရင်း သုံးရင်း ခန့်မှန်းအင်အား ၂၀၀ ခန့် လျှော်ဖြူဘက်ကို ထပ်လွှတ်ထားတာဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ ညောင်ကျိုးစခန်းအထိ ပြန်လည်တိုက်စစ်ဆင်လိုခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

AA သည် စစ်ကောင်စီ၏ ညောင်ကျိုးခစန်းကို ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ကတည်းက သိမ်းပိုက် ပြီးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ညောင်ကျိုးမှ လျှော်ဖြူသို့ ဆုတ်ခွာလာသည့်တပ်အပြင် အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) မှ အင်အား ၂၀၀ ခန့်ကိုလည်း လျှော်ဖြူသို့ပူးပေါင်းရန် ထပ်မံစေလွှတ်‌ထားကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်နေသည့် လျှော်ဖြူစခန်းသည် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းလက်နက်စက်ရုံ ကပစ-၆ အတွင်းတည်ရှိနေပြီး လျှော်ဖြူစခန်းမှတစ်ဆင့် ပြန်လည်ခံစစ်ပြင်နေရကြောင်း သိရသည်။

လက်နက်အတွက် လိုအပ်သည့် ကျည်များသာ ထုတ်လုပ်ဖူးသည့် ကပစ ၆ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါးသည် သေနတ်ပစ်လေ့ကျင့်ရေးကွင်း ဝင်နေရပြီး ကပစ-၆ ကို အင်အားပြည့်ကာကွယ်ရန် ပြင်ဆင်နေရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-AA Info Desk
ပုံစာ-AA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းကို တွေ့ရစဉ်။

#ပဲခူး #ညောင်ကျိုး #စစ်ကောင်စီ #ပြန်လည်ထိုးစစ်ဆင် #ဆုတ်ခွာ #ညောင်ခြေထောက် #ခံစစ်ပြင် #Ayeyarwaddy_Times