
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
မန္တလေးမြို့တွင် ယနေ့ ဧပြီ ၅ ရက်နေ့ ည ၈ နာရီကျော်က အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငလျင်ဘေးဒဏ်ရှောင်ကာ တဲထိုးနေထိုင်သူများဒုက္ခရောက်နေကြောင်း သိရသည်။
ရုတ်တရက် မိုးရွာသွန်းကာ မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေး၊ လမ်းမကြီးဘေးတွင် ဆောက်ထားသော ယာယီတဲများ ပျက်စီးသွားကြောင်း သိရသည်။
” မန္တလေးမှာ လေရောမိုးရော တော်တော်ကြမ်းတယ်။ ကျုံးဘေးနေတဲ့သူတွေ ကွင်းပြင်မှာနေတဲ့သူတွေ အတော်ဒုက္ခရောက်ကြမှာ။ သာမန်မိုးရွာတာမဟုတ်ဘူး။ လေပါပါတယ်” မန္တလေးရောက်လူမှူကူညီရေး အဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ငလျင်ဘေးဒဏ်သင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်တို့တွင် ဧပြီ ၅ ရက်ညမှ ၁၃ ရက်အတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ည ၇ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသ မှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ ဘက်မှ ရွေ့လျားလာ သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေး #မိုးသည်းကြီးမည်းကြီးရွာ #တဲများလေတိုက်လွင့် #Ayeyarwaddy_Times