
ဧရာဝတီတိုင်းမ်
(မန္တလေးတိုင်း)၊ ဧပြီ ၆ ရက်
မန္တလေးတိုင်း၊ မန္တလေးမြို့နယ်၊ အိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က ပြင်းထန် ငလျင်လှုတ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ(နိုင်ကျဉ်း) ခြောက် ဦးသေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူများမှာ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း၊ မဖူးဝေဝေ တို့ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် လက်ရှိအချိန်အထိ မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိသေးပဲ ထောင်တွင်း ထိခိုက်သေဆုံးမှုစာရင်းကိုလည်း သတင်းဖုံးဖိထားကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိ အတည်ပြုထားနိုင်ပြီးသား စာရင်းပဲ ထုတ်ပြန်ထားတာဖြစ်ပြီး ဆက်ပြီးမှ အတည်ပြုနေဆဲဖြစ်ပါတယ်။ ပုဒ်မတွေ အမျိုးသား၊ အမျိုးသမီးတွေ ထွက်လာတဲ့အခါကျရင် ဒီထက်ပိုပြီးလည်းများနိုင်တယ်။ ကျွန်တော်တို့အတည်ပြုထားတဲ့ အပေါ်မှာပဲ ထုတ်ပြန်ထားတာ ဖြစ်တဲ့ အတွက် ဒါဟာအနည်းဆုံး အရေအတွက်ဆိုတာ သတိချပ်ဖို့လိုပါတယ်” ဟု PPNM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ဧရုဝတီတိုင်းမ်ကို ကိုပြောသည်။
ငလျင်ဒဏ် ကြောင့် အိုးဘိုအကျဉ်းထောင်ရှိအမျိုးသမီး အဆောင်(၁)နှင့်(၂)တို့ ပြိုကျခဲ့ရာ အဆိုပါ အဆောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူများ သေဆုံးခဲ့ခြင်းဖြစ်ကာ ထိခိုက် ဒဏ်ရာရသူများပြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆောင်ပျက်စီးမှုများကြောင့် စစ်ကောင်စီက အကျဉ်းသူများကို အဆောင်အပြင်ဘက် ထုတ် ထားပြီး အမိုးအကာများပေးအပ်ခြင်းလည်း မရှိကာ မိသားစုဝင်များကလှူဒါန်းသည်ကိုလည်း လက်မခံ သည့်အတွက် စောင်များ ထဘီများအသုံးပြုကာ အပူဒဏ်ကိုကာကွယ် နေရကြောင်းလည်း “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့အစည်းထံကသိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဉ်းထောင် တစ်ခုလုံးတွင် ၁၂ ဦး ထက်မနည်း သေဆုံးနိုင်ကြောင်း PPNM ကပြောဆိုထားပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း ဆေးဝါးကုသခွင့်များ ကန့်သတ်ခံထားရ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်းမြို့အနီး အခြေပြုကာ လှုတ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ယမန်နေ့ ဧပြီ ၅ ရက်နေ့အထိ သေဆုံးသူ ၃၄၅၅ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၄၈၄၀ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေး #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသူသေဆုံး #၆ဦး #ငလျင်ဒဏ် #Ayeyarwaddy_Times