ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

ဧပြီ ၂ ရက်နေ့မှ စတင်ကာ ရက် ၂၀ ယာယီ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ထားသည့် စစ်ကောင်စီ သည် ကျောက်ဖြူနှင့် စစ်တွေမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့် စစ် သင်္ဘောများပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်ပြုလုပ်နေကြောင်း AA က ထုတ်ပြန် ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်ကျေးရွာများသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိကထားပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင် စစ်ကြောင်းများမှ အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂ ရက်နေ့တွင် ဒရော့ဗုံးအရေအတွက် ၉၀ ကြိမ်ခန့်နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၆၀ ထက်မနည်းရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်ဖက်ရင်ဆိုင်တပ်များရှိသည့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းဘက်မှ ပေါက်တောမြို့ ငပြီကျွန်းဘက်သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၆ ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ဧပြီ ၃၊ ၄၊ ၅ ရကိနေ့များတွင်လည်း သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းမှ တိုက်ခိုက်သည့်အပြင် စစ်သင်္ဘော၊ ဂျက်ဖိုက်တာ တို့ပါသုံးပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြပ်တိန်၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလာဘာ၊ ဟင်းခတ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို့ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ ဧပြီ ၅ ရက်နေ့တစ်ရက်တည်းတွင် စစ်ကောင်စီက ဒရော့ဗုံး အကြိမ် ၆၀ ကျော်နှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့သည်။

ထ်ု့ပြင် စစ်တွေမြို့နယ် ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ် မင်းလှ ရွာရှိ AA တပ်ဖွဲ့ဝင်များကို ဒရုန်းဗုံးများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ထား သည်။

AA အနေဖြင့် တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာပြီးသည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကို မည်သည့်တုံ့ပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ အသက်စွန့် လွှတ်ခဲ့ရသည့် တပ်ဖွဲ့ဝင်များရှိသည့်တိုင် ထုတ်ပြန်ချက်အတိုင်းတိကျစွာလိုက်နာခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

#ရခိုင် #ကျောက်ဖြူ #စစ်တွေ #စစ်ကောင်စီ #ပစ်ခတ် #တိုက်ခိုက် #Ayeyarwaddy_Times