ဆက်လက်ထိုးစစ်ဆင်ရန် အခွင့်အရေးရသော်လည်း ထုတ်ပြန်ချက်ကို လေးစားလိုက်နာသောအားဖြင့် ထိုးစစ်ရပ် ဟု AA ပြော

ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

အာရက္ခတပ်တော် (AA) ပါဝင်သည့် မြောက်ပိုင်း ညီနောင် သုံးဖွဲ့သည် ငလျင်ကြောင့် တစ်ဖက်သတ် အပစ်ရပ်စဲခဲ့သော် လည်း စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ညောင်ကျိုးဗျူ ဟာစခန်းကုန်းကို အပြီးသတ်သိမ်းယူခဲ့ရခြင်းဖြစ်ကြောင်း AA က ယမန်နေ့ ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

AA နှင့် မြောက်ပိုင်း ညီနောင် သုံးဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်အပါအဝင် တခြားသောဒေသအချို့မှ ငလျင် ဒဏ်သင့်ပြည်သူလူထုများကို စာနာစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိသောကြောင့် ဧပြီ ၁ ရက်နေ့မှစတင်ပြီး တစ်လတာတစ်ဖက်သတ်အပစ်ရပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားသည်။

AA သည် ပြီးခဲ့သည့် မတ် ၁၇ ရက်‌မှစတင်၍ ညောင်ကျိုးစခန်းကို ၁၆ ရက်ကြာအောင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန် အခွင့်အရေးရှိခဲ့သော် လည်း တစ်ဖက်သတ် အပစ်ရပ်ခဲ့သောကြောင့် ဆက်လက်ထိုးစစ် ဆင်မှုမပြုလုပ်ဘဲ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့သည်ဟု AA ကဆိုသည်။

“ဟုတ်ပါတယ်။ ၂ ရက်နေ့ကတည်းက ညောင်ကျိုး ကျသွားတာ။ အဲဒီတုန်းက စစ်တပ်က လက်နက်ကြီးတွေ၊ ပါရာမော်တာ(စက်တပ်လေထီး)တွေ ၊ Mi တွေ၊ Y-12 တွေနဲ့ ည အထိ ပစ်တာ။ နောက်ရက်ပဲ ကပစ-၆ ထဲကို စစ်တိုင်းမှူး ရောက်လာတယ်” ဟု စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာ စခန်းကုန်းကို AA နှင့် ပူး ပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက် ပြီးနောက် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ခြေထောက်ရှိ အမှတ်(၆) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၆) သို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက် ရောက်ရှိကာ ညောင်ကျိုးသို့ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခဲ့ကြောင်းသိရသည်။

” AA က အပစ်ရပ်ထားပေမယ့် စစ်တပ်က ဗုံးကြဲနေတော့ တောထဲက သစ်ခုတ် ဝါးခုတ် သမားတွေ လည်း ရှောင်ကြတယ်။ ညောင်ခြေထောက် ရွာခံတွေတော့ သုံးဘီးကားလေးတွေ၊ လိုက်ထရပ်တွေနဲ့ ပြောင်းရွှေ့နေကြတယ်။ အချင်းချင်းလည်း သိပ်မယုံကြဘူး။ စစ်ရေးသတင်းဖုံးချင်တာမျိုးပေါ့” ဟု စစ်သတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော် (AA) သည် ပဲခူးတိုင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး တစ်ဖက်သတ်အပစ်ရပ်ခဲ့သော မိမိတို့၏ ထုတ်ပြန်ချက်ကို လေးစားလိုက်နာသည့်အနေဖြင့် ထိုးစစ်များကို ရပ်တန့်ကာ ပြသခဲ့ကြောင်း ဆိုထားသည်။

သို့သော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြိုနှင့် စစ်တွေမြိုပတ်ဝန်းကျင်ရှိ AA တပ်ဖွဲဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို နေ့စဉ် ဆက်တိုက်ပြုလုပ်နေပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသော နေရာများမှ AA စစ်ကြောင်းများကိုလည်း နေ့စဉ် တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ချက် မထုတ်မီ အချိန်တွင်သာ စစ်ကောင်စီအား ထိုးစစ်၊ တန်ပြန် ထိုးစစ်၊ တုံပြန်တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခဲ့ပြီး ယနေ့ မတ် ၅ ရက်နေ့အထိ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို မည်သည့်တုံပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့် လွှတ်ခဲ့ရသော စစ်သည်တော်များရှိသည့်တိုင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာ လိုက်နာခဲ့ကြောင်း AA က ဆိုသည်။

ဓာတ်ပုံ-AA Info Desk
#ပဲခူး #ညောင်ကျိုး #စစ်ကောင်စီစခန်း #AA #သိမ်းပိုက် #ထိုးစစ်များရပ် #တစ်ဖက်သတ်အပစ်ရပ် #Ayeyarwaddy_Times