
ဧရာဝတီတိုင်းမ်
ဧပြီ ၇ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာကို စစ်ကောင်စီက အင်အားတိုးချဲ့ပို့ဆောင်နေပြီး ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော ၎င်းနတို့၏ ထုတ်ပြန်ချက်အပေါ် ချိုးဖောက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၆ရက်နေ့က မကွေးဘက်မှ သံပြားကာစစ်ကား ခြောက်စီးပါ စစ်ယာဉ်တန်းဖြင့် နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“နတ်ရေကန်နားက ရွာတွေကိုလည်း စစ်တပ်ကပြောင်းခိုင်းထားတယ်။ လက်နက်ကြီးကျရင် တာဝန် မယူဘူးပြောင်းကြဆိုပြီး ပြောင်းခိုင်းထားတယ်။ အခုရက်ပိုင်း နတ်ရေကန် ဆီဆိုင်တန်းမှာလည်း စုဖွဲ့ခံစစ်ပြင်တာတွေရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စေတုတ္တရာနှင့် ငဖဲမြို့နယ်ကြား ငဖြူကြီးကျေးရွာ၊ သက္ကယ်တောင် ချင်းရွာတွင် စစ်ကောင်စီ အင်အား ၅၀ ခန့်ရှိစစ်ကြောင်း အခြေပြုတပ်စွဲထားကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်၊ မဏ္ဍပ်ကိုင်းလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး ပစ္စည်းစက်ရုံများဖြစ်သည့် ကပစ-၂၁ နှင့် ကပစ-၁၄ များသို့ လက်ယှက်ထိုး ဆက်သွယ်နိုင်ရေး ဗျူဟာလမ်းစဉ်ကို ပုံဖော်လာခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ထားသည်။
အာရက္ခတပ်တော် (AA) ပါဝင်သည် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးများ စိတ်အေးလက်အေး လုပ်ဆောင်နိုင်ရန်ဟုဆိုကာ ဧပြီ ၁ရက်နေ့မှ ဧပြီ ၃၀ရက်နေ့အထိ အပစ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီကလည်း သုံးပတ်ကြာ အပစ် ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အပစ်ရပ်သည့်ကာလ၌ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သည့် စစ်အင်အားစုဆောင်း တိုးချဲ့ခြင်းများ လုပ်ဆောင်ပါက အရေးယူဆောင်ရွက်မှုများလုပ်ဆောင်မည်ဟု ထည့်သွင်းထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ကို ချိုးဖောက်၍ စစ်ရေးနယ်မြေများတွင် အင်အားတိုးချဲ့ စုဆောင်းခြင်းများ လုပ်ဆောင်လာကြောင်း သိရသည်။
စစ်ကောင်စီသည် အပစ်ရပ်သည့်နေ့မှစ၍ ကျောက်ဖြူနှင့် စစ်တွေမြို့များကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှနေ၍ အင်အားကုန်သုံးတိုက် ခိုက်မှုများပြုလုပ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
#မကွေး #ငဖဲ #နတ်ရေကန်ဗျူဟာ #အင်အားတိုးချဲ့ #ကပစစက်ရုံ #ကာကွယ်ရေး #Ayeyarwaddy_Times