(တွန်းဇံ)၊ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူများသည် မြို့လုံးကျွတ် ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တွန်းဇံမြို့ရှိ ချင်းလဲန်းကောင်စီအဖွဲ့ဝင် (CC) တပ်စခန်းကို ဧပြီ ၃ ရက်နေ့၊ မနက်မှစ၍ ဇိုမီးတော်လှန်ရေးတပ်(ZRA) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ထိုတိုက်ပွဲကြောင့် နှစ်ဖက်တာဝန်ရှိသူများက ယမန်နေ့ ဧပြီ ၄ရက်နေ့မှစ၍ ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ထွက်ပြေးတိမ်းရှောင်ကြရန် ပြောဆိုထားသည်။

“တိုက်ပွဲက ရက်ဆက်ဖြစ်နေတော့ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိမှာကို စိုးရိမ်လို့ တိမ်းရှောင်နေခိုင်းတာဖြစ်မယ်။ မြို့သိမ်းတိုက်ပွဲအပြီး စကစတွေ မရှိတော့ မြို့ထဲမှာ အရပ်သားတွေပြန်လည်နေထိုင်ကြပါပြီ။ အခုခါတိုက်ပွဲထပ်ဖြစ်တော့ ထပ်ပြေးရတယ်” ဟု တွန်းဇံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများသည် တွန်းဇံမြို့နယ်ရှိ ကျေးရွာများနှင့် တီးတိန်မြို့နယ်၊ ကလေးမြို့နယ်နှင့် မြန်မာ-အိန္ဒိယနယ်စပ်တို့တွင် စစ်ဘေးရှောင်နေကြရသည်။

“တွန်းဇံမှာ အရင်နှစ်ပတ်လောက်က CC ဘက်က တပ်အင်အားတွေဖြည့်တင်းထားတယ်။ မနေ့က ZRA ဘက်ကလည်း အင်အားအလုံးရင်းနဲ့ ဒရုန်းတွေ၊ လက်နက်ကြီးကျည်တွေနဲ့ တိုက်ခိုက်နေတော့ တိုက်ပွဲက အရင်တွန်းဇံမြို့သိမ်းတိုက်ပွဲလို ပြင်းထန်သွားတယ်။ မနေ့ကဆို မြို့ထဲ လေးနေရာလောက်မှာတိုက်ပွဲဖြစ်တယ်။ဒီမနက်လည်း ပစ်ခတ်သံတွေကြားနေရတယ်” ဟု တွန်းဇံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်ပြောသည်။

တွန်းဇံမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ZRA ကို မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF Hualngoram တို့က ဧပြီ ၃ ရက်နှင့် ၄ ရက်နေ့တွင် အသီးသီးထုတ်ပြန်သည်။

တွန်းဇံမြို့ကို CC အဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလတွင် တိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားသည်။

#တွန်းဇံမြို့ #တိုက်ပွဲ #ဒေသခံပြည်သူများ #မြို့လုံးကျွတ် #ထွက်ပြေးတိမ်းရှောင်နေရ #ချင်းလဲန်းကောင်စီ #CC #ဇိုမီးတော်လှန်ရေးတပ် #ZRA #Ayeyarwaddy_Times