
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဧပြီ ၅ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူ ကျေးရွာသို့ စစ်ကောင်စီက ယမန်နေ့ ဧပြီ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံက သိရသည်။
ရက်နှစ်ဆယ်ကြာ အပစ်အခတ်ရပ်စဲထားသည့် စစ်ကောင်စီက မိုးဗြဲ နှင့် လွိုင်ကော် ကြားရှိ ပီကင်းကောခူကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသား လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ထို့အတူ မိုးဗြဲမြို့အခြေစိုက် ခမရ-၄၂၂ တပ်ရင်းကလည်း မြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ တစ်နေကုန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပီကင်းကောခူ ကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
“စစ်ကြောင်းထိုးတာမျိုးမလုပ်ပေမဲ့ အခုလေကြောင်းတိုက်ခိုက်တဲ့နေရာတွေက တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေ မဟုတ်ဘူးပေါ့နော် မိုးဗြဲမြို့နဲ့ နှစ်မိုင် သုံးမိုင်လောက်ဝေးတဲ့နေရာမျိုးဖြစ်တယ်။ အဲ့လိုနေရာမျိုးကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်။ လေကြောင်းတိုက်ခိုက်တာမျိုးတွေလုပ်တာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် အပစ်အခတ်ရပ်စဲရေး စတင်ကြေညာထားသည့် ဧပြီ ၂ ရက်နေ့တွင်လည်း ဘောလခဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ငလျင် ဘေးသင့်ခဲ့သည့် မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်တာအတွင်း ကရင်နီသို့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ မှ ၂၂ ရက်နေ့အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ကြေညာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ကို ထိုးစစ်ဆင်ခြင်း၊ အင်အားစုဖွဲ့ခြင်း၊ နယ်မြေတိုးချဲ့ခြင်းများ ပြုလုပ်ပါက တုံ့ပြန်မှုများပြုလုပ်သွားမညါဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #လွိုင်ကော် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံသေဆုံး #အပစ်ရပ်ကာလ #Ayeyarwaddy_Times