
ဧရာ၀တီတိုင်းမ်
ဧပြီ ၅ ရက်
မြန်မာ့ငလျင်ဘေးအတွက် ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့(၂) မှ တပ်ဖွဲ့ဝင် ၅၅ ဦးသည် ယနေ့ ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဘေးအန္တရာယ်နှင့်လူမှုဖူလုံရေးဆိုင်ရာ ကူညီကယ်ဆယ်ရေးတာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းဘုရင့်သံရုံးက ထုတ်ပြန်သည်။
ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့(၂) တွင် အရေးပေါ်ဆေးတပ်ဖွဲ့၊ အဆောက်အဦးများ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များပါဝင်ပြီး လာမည် ဧပြီ ၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ မန္တလေးမြို့တွင်အခြေစိုက်ကာ ဘေးအန္တရာယ် နှင့်လူမှုဖူလုံရေးဆိုင်ရာ ကူညီကယ်ဆယ်ရေးတာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည့် မတ် ၃၀ ရက်နေ့က ပထမအကြိမ် နေပြည်တော်သို့ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေး၊ ဆေးကုသရေး နှင့် လူမှုလှုပ်ရှားဆောင်ရွက်ရေးတာဝန်များကို ဆောင်ရွက်ခဲ့သည့် ထိုင်းအရေးပေါ် လှုပ်ရှားမှုအဖွဲ့(၁) ၏ ကူညီကယ်ဆယ်ရေးတာဝန်များကို ဆက်လက်လွှဲပြောင်း လက်ခံယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ငလျင်ဒဏ်ကို တွေ့ကြုံခဲ့ရသော်လည်း မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် ကူညီကယ်ဆယ်ပေးနေခြင်းသည် မိတ်ဆွေကောင်းပီသစွာနှင့် တတ်အားသရွေ့ကူညီပေးလိုသော စိတ်ရင်းကိုထင်ဟပ်စေခြင်း ဖြစ်ကြောင်း ထိုင်းဘုရင့်သံရုံးက ဆိုထားသည်။
ဓာတ်ပုံ-ထိုင်းဘုရင့်သံရုံး
ပုံစာ- အရေးပေါ်ဆေးတပ်ဖွဲ့၊ အဆောက်အဦးများ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များ ပါဝင်သည့် ထိုင်း အရေးပေါ်လှုပ်ရှားမှုအဖွဲ့(၂)ကိုတွေ့ရစဉ်။
#ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့၂ #မန္တလေးအခြေစိုက် #သဘာ၀ဘေးအန္တရာယ် #လူမှုဖူလုံရေး #ကူညီကယ်ဆယ်ရေး #Ayeyarwaddy_Times