ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းတို့တွင် ဂျပန်၊ တရုတ်၊ ဘူတန် နှင့် ရုရှားတို့အပါအဝင် နိုင်ငံတကာဆေးပညာအဖွဲ့က ယာယီ ဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အခြေစိုက် Samaritan’s Purse International Relief အဖွဲ့မှ Emergency Medical Response Manager Mr. John Troke ဦးဆောင်သောအဖွဲ့သည် ရွေ့လျားခွဲစိတ်ခန်း နှစ်ခန်း၊ အရေးပေါ်လူနာ ကြည့်ရှုစစ်ဆေးသည့်ဌာန၊ ပြင်ပလူနာဌာနနှင့် ဓာတ်ခွဲ ခန်းတို့ ပါဝင်သော ယာယီဆေးရုံ တည်ဆောက်ရန်အတွက် ယမန်နေ့ ဧပြီ ၄ ရက်နေ့က စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် တစ်ရက်လျှင်လူနာဦးရေ ၁၀၀ မှ ၁၅၀ အထိ ကုသမှုပေးနိုင်ရန်နှင့် ရေကောင်းရေသန့် ရရှိရေးတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် ပါဝင်ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ ( JDR)သည် ယမန်နေ့ ဧပြီ ၄ ရက်နေ့မှ စတင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဆေးကုသရန် ဖွင့်လှစ်လိုက်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။

ရုရှားဆေးပညာအဖွဲ့သည် မန္တလာသီရိ‌ဘောလုံးကွင်းတွင် လည်းကောင်း၊ အိန္ဒိယဆေးပညာအဖွဲ့သည် ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းတွင်လည်းကောင်း၊ တရုတ်ဆေးပညာအဖွဲ့သည် မန္တလေး လမ်း ၃၀/၇၂ နှင့် ၇၃ လမ်းကြားတွင်လည်းကောင်း၊ ဘူတန်ဆေးပညာအဖွဲ့သည် ပျဉ်းမနား၊ ပေါင်းလောင်းအားကစားကွင်းတွင်လည်းကောင်း ယာယီ ဆေးပေးခန်းများဖွင့်လှစ်၍ ဆေးကုသပေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ အထက (၂) စစ်ကိုင်း ကျောင်းဝင်းနှင့် ပျော်ဘွယ်တို့တွင် ဆေးပညာအဖွဲ့များက ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

ရုရှားဖက်ဒရယ်ရှင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဆေးအဖွဲ့တို့က‌သည် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့ဆေးရုံ၊ ခုတင် ၅၀၀ ဆံ့တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေ ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေးငလျင် #စစ်ကိုင်းငလျင် #နေပြည်တော် #ကျန်းမာရေးစောင့်ရှောက်မှု #ယာယီဆေးရုံ #ဆေးပေးခန်းဖွင့် #Ayeyarwaddy_Times