
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ခံ လူငယ်များ မှ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီရန်အတွက် ဧပြီ ၁ ရက်နေ့မှစတင်ပြီး အလှူခံနေကြောင်းသိရသည်။
လူငယ်များအနေဖြင့် အဖွဲ့များခွဲကာ နေ့စဥ်ပုသိမ်မြို့၏ လူစည်ကားရာ နေရာများတွင် ငလျင်ဘေးအတွက် အလှူခံနေကြခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပျောက်ကွယ်နေသော ပရဟိတလူငယ်များစွာပြန်လည်တွေ့မြင်ရကြောင်း ဒေသခံများမှပြောသည်။
“မနက်ကနေညအထိ လမ်းပေါ်မှာ ကျောင်းသားတွေ ၊ လူငယ်တွေ ငလျင်ဘေးကူဖို့ အလှူခံနေကြတာ ရေဘေးဖြစ်တုန်းကတောင် အဲ့လောက်လူငယ်အများကြီးမတွေ့ခဲ့ရဘူး”ဟု ပုသိမ်မြို့ခံတစ်ဥဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့မှ လူငယ်အများစုသည် ငလျင်ဒဏ်ကြောင့် ထိခိုက်သူများကို စာနာသောကြောင့် သင်္ကြန်လည်ပတ်ခြင်းမပြုပဲ အလှူခံရရှိငွေများဖြင့် အဆိုပါဒေသများသို့သွားရောက်ကူညီလှူဒါန်းရန် စီစဉ်ထားကြောင်းသိရသည်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ၃၀၀၀ ကျော်သေဆုံးကြောင်းနှင့် မြို့နယ် ၆၀ ကျော်တွင်ထိခိုက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
#ပုသိမ် #လူငယ်များ #ငလျင်ဒဏ်သင့်ဒေသများ #ကူညီရန်အတွက်အလှူခံ #Ayeyarwaddy_Times