ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (ကိုးကန့်တပ်-MNDAA) သည် ၎င်းတို့ သိမ်းပိုက်ထားသော လားရှိုးမြို့ကနေ စတင်ဆုတ်ခွာရန်ပြင်ဆင်နေပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်နေ့)ဆုတ်ခွာရမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဧပြီ ၂၁ ရက်နေ့တွင် တရားဝင်ထွက်ခွာမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံမှ သိရသည်။

“စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာတွေပြန်ဝင်လာမှာ။ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးတွဲ အုပ်ချုပ်မယ့် အခြေအနေလို့လည်း ကြားတယ်။ MNDAA ဘက်က စစ်ဦးစီးနဲ့ တပ်ဖွဲ့ဝင် ရဲဌာန ဆက်ဆံရေးရုံးတွေကျန်ခဲ့မယ်။ ပူးတွဲအုပ်ချုပ်မယ့်ပုံစံပဲ” ဟုတပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့နှင့် MNDAA ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမရှိဘဲ နှစ်ဖက်ပစ်ခတ်မှုဆိုင်းငံ့ထားကြောင်း သိရသည်။

MNDAA သည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ထိန်းချုပ်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“လက်နက်ချစစ်သုံ့ပန်းတွေကို လွှတ်ပေးရမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ဆုတ်ခွာပြီးမှ လွှတ်ပေးမှာလားဆိုတာကိုတော့ သုံးသပ်ဖို့မလွယ်သေးဘူး။ လားရှိုးအကျဉ်းထောင်ထဲမှာ ထိန်းသိမ်း ထားတာဆိုရင်တော့ စစ်ကောင်စီပြန်လာမှပဲ မင်းတို့ သဘောဆိုတာမျိုးနဲ့ ထားခဲ့မယ်လို့ ကောက်ချက် ချရမှာဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုထားသည်။

MNDAA နှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ ညှိနှိုင်းမှုဖြင့် တွေ့ဆုံမှုပြုလုပ်ပြီးနောက် စစ်ကောင်စီဘက်က ၈ လကျော်ကြာ စစ်ရေးနည်းအရ ရှုံးနိမ့်လက်လွှတ်ထားရသည့် တိုင်းစစ်ဌာနချု ပ်ကို တရုတ်နိုင်ငံ၏ အကူအညီဖြင့်ပြန်လည်ရယူသွားခြင်းဖြစ်သည်။

ကိုးကန့်တပ်များသည် လားရှိုး‌မြို့ပေါ်ရှိ ရုံးဌာနများမှ ဝန်ထမ်းများကိုပါ ခေါ်ဆောင်သွားမည့် အနေအထားရှိနေပြီး စစ်ကောင်စီက ရုံးဌာနများပြန်လည်ဖွင့်လှစ်မည့်အခြေအနေရှိကြောင်း မြို့ခံ များထံမှ သိရသည်။

ဒေသခံများမှာမူ စစ်ကောင်စီက ပြန်လည်အုပ်ချုပ်လာပြီး စစ်တပ်ထောက်ခံသူများနှင့်ပူးပေါင်းကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်မည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

MNDAA သည် ရှမ်းမြောက်ရှိ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ ကြူကုတ်၊ တာမိုးညဲ၊ မော်ထိုက်၊ သိန္နီတို့ကို သိမ်းပိုက်ထားပြီး လားရှိုးကို တရုတ်အစိုးကအကူအညီဖြင့် စစ်ကောင်စီလက်ပြန်အပ်ရန်ပြုလုပ်နေခြင်းဖြစ်သည်။

#ရှမ်းမြောက် #လားရှိုး #MNDAA #စစ်ကောင်စီ #ပြန်အပ်မည် #Ayeyarwaddy_Times