
(မီဇိုရမ်)၊ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
မြန်မာနိုင်ငံမှ ငလျင်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန့်မာအဖွဲ့အစည်း Youth for Myanmar နှင့် မြန်မာလူငယ်များက အလှူငွေများ ကောက်ခံပေးနေကြောင်း တာဝန်ရှိသူများထံက သိရှိရသည်။
မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ မြန်မာအများစုနေထိုင်သည့် ရပ်ကွက်နှင့် အလုပ်လုပ်ကိုင်သည့် စက်ရုံတွင် ဧပြီ ၂ ရက်နေ့မှစ၍ ငလျင်သင့်ပြည်သူများ ကူညီထောက်ပံ့ရန်အတွက် အလှူငွေများ စတင် ကောက်ခံနေခြင်းဖြစ်သည်။
“Youth for Myanmar အဖွဲ့ကနေ ဦးဆောင်ပြီး ကောက်ခံပေးနေပါတယ်။ အိုက်ဇော်လ်မြို့က မြန်မာအိမ်တွေဆိုရင် တစ်အိမ်တက်ဆင်း အလှူငွေ ကောက်ခံနေတယ်။ နောက်ထပ် မြန်မာယက်ကန်းစက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာတွေဆီ ဆက်လက်ကောက်ဖို့ရှိတယ်” ဟု အလှူငွေကောက်ခံရာတွင် လိုက်ပါဆောင်ရွက်သူ မြန်မာလူငယ်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာငလျင်သင့်ပြည်သူများ ကူညီထောက်ပံ့ရန်အတွက် အိုင်ဇောလ်မြို့တွင် ဧပြီလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့ထိ နှစ်ရက်တာ ကောက်ခံရရှိသည့် အလှူငွေသည် အိန္ဒိယငွေ ရူပီး ၇၇၈၀၀ ကျော်ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် အလှူငွေများကို ဆက်လက်ကောက်ခံသွားမည်ဖြစ်ကာ ကောက်ခံရရှိသည့် အလှူငွေများကို မည်သည့်မြို့နယ်၊ မည်သည့်နေရာတွင် လှူဒါန်းသွားမည်ကို မဆုံးဖြတ်ရသေးပဲ အလှူငွေနည်း၊ အများပေါ်မူတည်၍ လှူဒါန်းသွားမည်ဟု ဆိုသည်။
“လှူချင်တာက အကုန်လုံးကို လှူချင်တာပေါ့နော်။ ဒါပေမယ့်လည်း အလှူငွေအနည်း အများပေါ် မှုတည်ပြီး လှူရမှာပေါ့နော်။ အလှူငွေများရင် နေရာဒေသစုံ လှူဒါန်းနိုင်မယ်။ နည်းရင် တကယ့်လိုအပ်တဲ့နေရာဒေတွေကို ဦးစားပေး လှူဒါန်းသွားမယ်။ လောဆယ်တော့ ဘယ်ကိုလှူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး” ဟု Youth for Myanmar အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင့် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
#ငလျင်ဘေးသင့်ပြည်သူများ #မီဇိုရမ် #မြန်မာအဖွဲ့အစည်း #အလှူငွေများကောက်ခံ #Ayeyarwaddy_Times