ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

အင်အားအလွန်ပြင်းထန် သော ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှ ပြည်သူ ၃၀၀၀ ကျော်သေဆုံးကြောင်း ယမန်နေ့ ဧပြီ ၃ ရက်က ကောက်ယူထားသည့် စစ်ကာင်စီ စာရင်းအရသိရသည်။

မတ် ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သည့် ပြင်းအားမြင့် ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် မြန်မာနိုင်ငံရှိ မြို့နယ် ၆၆ နယ်မှ သေဆုံးသူ ၃၁၄၅ ဦး၊ ဒဏ်ရာရသူ ၄၅၈၉ ဦး နှင့် ပျောက်ဆုံးသူ ၂၂၁ ဦးရှိ ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

သေဆုံးသူများအနက် မန္တလေးတွင်နေထိုင်သူများ အများဆုံးသေဆုံးခဲ့ပြီး မန္တလေးတွင် သေဆုံးသူ ၂၀၅၃ ဦး၊ နေပြည်တော်တွင် ၅၁၁ ဦး၊ စစ်ကိုင်း ၄၇၁ ဦး၊ ပဲခူး ၄၄ ဦး နှင့် ရှမ်းတွင် ၆၆ ဦး သေဆုံးခဲ့သည်ကို ဧပြီ ၃ ရက်နေ့အထိ ရှာဖွေထားနိုင်ကြောင်းသိရသည်။

ပဲခူးတိုင်းရှိ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ကျောက်တံခါး၊ ထန်းတပင်မြို့နယ်တို့တွင်လည်း ငလျင်လှုပ်ခတ်မှုခံစားရပြီး ကူညီရေးအသင်းအဖွဲ့ရောက်ရှိမှုနည်းပါးကြောင်း ထန်းတပင်သို့ ရှောက်ရှိ နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲများရှိ၍ အကူအညီ တောင်းခံရန်အတွက်ပင် ဆက်သွယ် ရေးခက်ခဲနေပြီး လက်ရှိတွင် အရေးပေါ်ကူညီကယ်ဆယ်ရေး များကို ငလျင်‌ကြောင့် ထိခိုက်ပျက်စီးမှုများသည့် မန္တလေး၊ စစ်ကိုင်းတို့က အဓိကရရှိနေကာ အကူအညီ လိုအပ်နေသည့်မြို့နယ်များစွာ ကျန်ရှိနေသေးကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ငလျင်လှုပ်ခတ်မှု #သေဆုံးသူသုံးထောင်ကျော် #မန္တလေးငလျင် #စစ်ကိုင်းငလျင် #မြို့နယ်၆၆ #ထိခိုက် #Ayeyarwaddy_Times