
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
စစ်ကောင်စီက သုံးပတ်ကြာ ယာယီအပစ်ရပ်သည်ဟု ထုတ်ပြန်ထားသော်လည်း ကျောက်ဖြူမြို့နယ်ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဂုံးချွိန်တိုက်နယ် ပြင်ရှည်ကျေး ရွာအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
“ပြင်ရှည်အနီးကို ဗုံးလာကြဲတာ။ ဂျက်ဖိုက်တာနှစ်ကြိမ်တောင်ကြဲချသွားပါတယ်”ဟု ကျောက်ဖြူဒေသ ခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းကလည်း အဆိုပါပြင်ရှည်ကျေးရွာအနီးကို ဒရုန်းဗုံး ၆၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ပြီး သစ်ပုတ်တောင်ကျေးရွာ၊ ရှောက်ချောင်းနှင့် စီမော်ကျေးရွာများဘက်သို့လည်း ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ စစ်သင်္ဘောများမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက အပစ်ရပ်စဲသည့် ထုတ်ပြန်စာအပိုဒ် ၄ တွင် ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်သည့် အင်အားစုဖွဲ့ခြင်း၊ ခံစစ်ပြင်ဆင်ခြင်းများ လုပ်ဆောင်ပါက ထိရောက်သည့်အရေးယူမှု ပြုလုပ်သွားမည် ဟုဆိုသော်လည်း စစ်ကောင်စီကပင် ကျောက်ဖြူတွင်အင်အားစုဖွဲ့ပြီး ခံစစ်တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီသည် ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်၊ မလာကျွန်းကျေးရွာများတွင် ကတုတ်ကျင်းများ တူးပြီး ဘန်ကာများ ဆောက်လုပ်ပြင်ဆင်နေကာ မော်ကျေးရွာ၌လည်း ခံစစ်များပြင်ဆင်၍ အင်အားတိုးချဲ့နေကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီ ဂျက်ဖိုက်တာ (ပုံဟောင်း)
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီ #နေ့စဉ် #ဗုံးကြဲ #Ayeyarwaddy_Times