
ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဧပြီ ၄ ရက်
မန္တလေးတိုင်း၊ မန္တလေးမြို့နယ်၊ အိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုပ်ခတ် ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကောင်စီက ဆေးကုသခွင့်များ ကန့်သတ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်
အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများတွင် ဆေးရုံတက် ဆေးကုသရန် လိုအပ်သူ ၄၀ ကျော်အနက် စိုးရိမ်ရသူ ကိုး ဦးရှိပြီး ပြင်ပဆေးရုံတွင် ဆေးကုသရန်လိုအပ်သူများရှိနေသော်လည်း စစ်ကောင်စီက ယနေ့ ဧပြီ ၄ ရက်နေ့အထိ ဆေးကုသခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
“အသက်အန္တရာယ်ဆိုးဆိုးဝါးဝါးမစိုးရိမ်ရဘူးဆိုတဲ့ ဥပမာ ခြေလက်ကျိုးတာ ဦးခေါင်းထိခိုက် ဒဏ်ရာရတဲ့ သူတွေကလည်း ဆရာဝန် မလောက်ငှတဲ့အတွက် ပြင်ပဆေးရုံတွေမှာကုသမယ်ဆိုရင် မသန်စွမ်းဖြစ်မှုကို အများကြီးလျော့ချနိုင်တယ်။ တော်တော်များများဟာ ပြင်ပဆေးရုံတွေမှာ ကုသခွင့်ရဖို့ တင်ပြနေတာမျိုးရှိပေမယ့် ခွင့်ပြုချက်မရတာကိုတွေ့ရတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ လက်ရှိတွင် မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့်မရပဲ အကျဉ်းထောင် အတွင်းတွင်လည်း အရက်ပြန်၊ ဂွမ်း၊အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်း လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။
ငလျင်ဒဏ် ကြောင့် အိုးဘိုအကျဉ်းထောင်တွင်းရှိ အမျိုးသမီး အဆောင်-၁၊၂၊ အမျိုးသမီးဆေးရုံဆောင်၊ အမျိုးသားအလုပ်ရုံဆောင်၊ အမျိုးသားအဆောင် ၅ နှင့် ၆ ကြားရှိ ခြံစည်ရိုးများ ပြိုကျပျက်စီးခဲ့ပြီး စစ်ကောင်စီက သတင်းဖုံးဖိထား ကြောင်းသိရသည်။
စစ်ကိုင်းမြို့အနီး အခြေပြု ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အိုးဘိုအကျဉ်းထောင်မှ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး သေဆုံးသူများတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများလည်း ပါဝင်နေကာ စစ်ကောင် စီက သတင်းထုတ်ပြန်ခြင်းမရှိသည့် အတွက် လေး ဦး သေဆုံးကြောင်းသာ အတည်ပြု နိုင်သေးကြောင်း PPNM ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေး #အိုးဘိုထောင် #အကျဉ်းသားသေဆုံး #PPNM #ငလျင် #Ayeyarwaddy_Times