
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
ထိုင်းနိုင်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် BIMSTEC အစည်းအဝေး တက်ရောက်လာသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ခြင်းကို ဆန္ဒပြသည့် မြန်မာ တစ်ဦး နှင့် ထိုင်းကျောင်းသား တစ်ဦးတို့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် ကိုဖြိုးပိုင်မှာ ယမန်နေ့ ဧပြီ ၃ ရက်နေ့က စစ်ခေါင်းဆောင်တည်းခိုနေသည့် ရှန်ဂရီလာ ဟိုတယ်ရှေ့ တစ်ကိုယ်တော် ဆန္ဒပြစဉ် ဖမ်းဆီးခံ ခဲ့ရကြောင်း သိရသည်။
ကိုဖြိုးပိုင်သည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူတစ်ဦးဖြစ်ပြီးဗီဇာ သက်တမ်းတိုးခွင့်ရရန် စောင့်ဆိုင်းနေသူဖြစ်သော်လည်း ထိုင်းအာဏာပိုင်များမှ သက်တမ်းတိုးကိစ္စနှင့်ပတ်သတ်ကာ ထိန်းသိမ်း ထားပြီး ၎င်းကို မြန်မာသို့ပြန်လည်ပို့ဆောင်ပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း ကိုဖြိုပိုင်က သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သူက သူတို့အဖွဲ့နဲ့ဆန္ဒပြဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် အရင်သွားလိုက်တာမှာ အဖမ်းခံ လိုက်ရတာလို့ သိရတယ်။ သူက တက်ကြွလှုပ်ရှားသူလဲဖြစ်တော့ ပြန်ပို့ခံရရင် အသက် အန္တရာယ် ရှိတယ်” ဟု ကိုဖြိုးပိုင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယနေ့ ဧပြီ ၄ ရက်နေ့တွင်လည်း ရှန်ဂရီလာ ဟိုတယ်တွင်း ဝင်ရောက်ကာ စစ်ခေါင်းဆောင်ကို ဆန္ဒပြသခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးကို လုံခြုံရေးများ နှင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့ ကြောင်း သိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် BIMSTEC အစည်းအဝေး တက်ရောက်လာခြင်းကို နိုင်ငံကတကာမှ လူ့အခွင့်အရေးအဖွဲ့အများအပါအဝင် အဖွဲ့အစည်းများစွာက ရှုတ်ချထားပြီး စစ်ခေါင်းဆောင်နှင့် အဆက်အဆံ လုပ်ခဲ့သည့် BIMSTEC အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည်လည်း ဝေဖန်မှုများ ခံနေရ ကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#ထိုင်း #မင်းအောင်လှိုင် #ဆန္ဒပြ #ဖမ်းဆီးခံရ #BIMSTEC #Ayeyarwaddy_Times