
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၃ ရက်
တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊ ဇာဒီရွာရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် စစ်ကောင်စီကအမြောက်များ တပ်ဆင်၍ တပ်စွဲနေထိုင်လျက်ရှိကာ ၎င်းတို့ ဖမ်းဆီးထားသည့် ဒေသခံများအနက် ငါးဦး ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်မတ်လ ၃၁ ရက် နံနက် ၈ နာရီကျော်က အင်အား ၃၀၀ ခန့်ဖြင့် ရောက်လာ စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီရွာတွင် တချို့တပ်စွဲကာ ကျန်သည့် စစ်ကောင်စီတပ်သားများသည် ခေါင်ပြန်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သိရသည်။
” ရွာ မှာရှိ တဲ့ အရှေ့ဘုန်းကြီးကျောင်းရော အနောက်ဘုန်းကြီးကျောင်းမှာပါ အမြောက်တွေတပ်ဆင်ပြီး တပ်စွဲထားတယ်။အမြောက်တွေဆင် လိုက်တာကတော့ ရွာထဲကို စစ်ကြောင်းရောက်တဲ့ နေ့ကတည်းပါ။ ပြီးတော့ရွာဦးစေတီ ဘုရားခန်းထဲမှာလည်း တပ်စွဲထားတယ်” ဟု ဇာဒီကျေးရွာ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်း နှစ်ကျောင်း ခွဲကာ ထိုသို့တပ်စွဲနေထိုင်ပြီးနောက် မတ်လ ၃၁ ရက်နေ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဇာဒီကျေးရွာဒေသခံများ အနက်မှ ငါးဦး ကို ပြန်လည်လွှတ်ပေး လိုက်ကြောင်း ပတ်ဝန်းကျင်နှင့် နီးစပ်သူများထံမှ သိရသည်။
“အဖမ်းခံထားရတဲ့ ရွာသားအချို့ပြန်လွတ်လာတယ်။ ဒီနေ့ (ဧပြီ ၃ ရက်) မနက်ပိုင်း က သုံးဦး နဲ့ နေ့လယ်ပိုင်းမှာ နှစ်ဦးပေါ့။ အားလုံး ငါးဦး ပြန်လည်လွတ်မြောက်လာတယ်” ဟု ဇာဒီရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇာဒီကျေး ရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တပ်စွဲနေထိုင်နေသည့် တပ်များမှာ အုန်းပင်ကွင်းရွာ အခြေစိုက် မောရဝတီ ရေတပ်ဌာ နချုပ် နှင့် ကံပေါက် ရွာအခြေစိုက် ခလရ (၂၇၃) တပ်ရင်း တို့ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဇာဒီကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်မှာ သုံးရက်ခန့် ရှိပြီဖြစ်သော်လည်း ယနေ့ ဧပြီ ၃ ရက်နေ့အထိ သေနတ်သံ ၊ လက်နက်ကြီး ပစ်ခတ်သံများကို ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ပုံစာ- စစ်ကောင်စီတပ်က အမြောက်များတပ်ဆင်ကာ တပ်စွဲထားသည့် ဇာဒီ ရွာ အရှေ့ဘုန်းကြီးကျောင်းနှင့် အနောက်ဘုန်းကြီးကျောင်းတို့ကို တွေ့ရစဉ်။
#ရေဖြူမြို့နယ် #ဇာဒီရွာ #ဘုန်းကြီးကျောင်း #စစ်ကောင်စီ #အမြောက်များဆင် #တပ်စွဲနေထိုင် #ဒေသခံ၅ဦး #ပြန်လွှတ်ပေး #Ayeyarwaddy_Times