
ဧရာဝတီတိုင်းမ်
(ညောင်ဦး)၊ ဧပြီ ၃ ရက်
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် တွင် ယာယီအပစ်အခတ်ရပ်စဲရေးကြေညာထားသည့် စစ်ကောင်စီက ယနေ့ ဧပြီ ၃ ရက်၊ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးခြင်းနှင့် သေနတ် ပစ်ခတ်ခြင်းများပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)ထံမှ သိရသည်။
ညောင်ဦးမြို့နယ်ရှိ ငါ့သရောက်ရဲစခန်းမှ တင့်ကား နှစ် စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတလျှောက်ရှိ ကျေးရွာများဖြစ်သည့် မြေသန့်တောင်၊ မအူပင်၊ ကြအို ကျေးရွာများမှ ဒေသခံ နေအိမ်များကိုလည်း ပွိုင့်-၅ စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းမှာ ပြီးခဲ့သည့် မတ်၂၀ ရက်နေ့မှ စတင်ကာ ညောင်ဦးမြို့နယ်နှင့် ချောက်မြို့နယ်ကြားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီး နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ ပစ္စည်းခိုးယူလုယက် ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ ၂၀၀၀၀ ခန့်မှာ စစ်ဘေးရှောင် တိမ်းနေရကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့်ဟုဆိုကာ ယမန်နေ့ ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်း ထိုးခြင်းများကို ယခုကဲ့သို့ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#ညောင်ဦး #စစ်ကောင်စီ #စစ်ကြောင်းထိုး #အပစ်ခတ်ရပ်စဲရေး #Ayeyarwaddy_Times