
ဧရာ၀တီတိုင်းမ်
ဧပြီ ၃ ရက်
စစ်ကောင်စီသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက်လည်းကောင်း တည်ငြိမ် အေးချမ်းမှုကို ရှေးရှု၍ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ဧပြီ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIo/KIA) အနေဖြင့်လည်း စစ်ကောင်စီ၏ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား အလွန်ပြင်း မြေငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန် ခြင်းဖြစ်ကြောင်း နားလည်ရပါသည်။
ထို့ကြောင့် KIO အနေဖြင့်လည်း စစ်ကောင်စီနည်းတူ ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပိုဒ် လေး တွင် ဖော်ပြထားသည့် အကြောင်းအရာ အချက်အလက်များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များနည်းတူ စစ်ကောင်စီအနေဖြင့်လည်း လိုက်နာရန်လိုအပ်ကြောင်း KIO က အသိပေးထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပိုဒ် လေးတွင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီး စေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို ဆောင်ရွက်လာပါက ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ငလျင်ဒဏ် သင့်ဒေသများနှင့် ဆက်စပ်ခရိုင်များအတွက် ထိုးစစ်များ နှစ်ပတ်ကြာရပ်တန့်ရန် မတ် ၂၉ ရက်က ကြေညာခဲ့ပြီး မြောက်ပိုင်းညီနောင် မဟာမိတ် များဖြစ်သည့် MNDAA (ကိုးကန့်တပ်)၊ TNLA (တအာင်းတပ်) နှင့် AA (အာရက္ခတပ်) မြောက်ပိုင်း သုံး ဖွဲ့သည်လည်း ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်နေ့အထိ ထိုးစစ်ရပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- မတ် ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုးမှ အဆောက်အအုံ တစ်ခုတိမ်းစောင်းသွားစဉ်။
#စစ်ကောင်စီ #ရက်၂၀ #ယာယီအပစ်ရပ် #KIO #စစ်ကောင်စီနည်းတူ #ထိုးစစ်ရပ်မည် #ထုတ်ပြန် #Ayeyarwaddy_Times