ဧရာတီတိုင်းမ်
ဧပြီ ၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧပြီလ ၂ ရက်နေ့ ညပိုင်းက ငလျင်လှုပ်ခဲ့မှုကြောင့် ဒေသခံအများစု လမ်းပေါ်ထွက်နေရကြောင်း သတင်းရရှိသည်။

ည ၁၀ နာရီ ၅၉ မိနစ်တွင် စတင်လှုပ်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ငြိမ်သွားခဲ့ကာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ခေါင်းမူးအော့အန်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ ညပိုင်းလှုပ်တာ တော်တော်ကြမ်းတယ်၊ စစ်ကိုင်းဘက်လှုပ်တုန်းကလည်း ဒီဘက်မှာလှုပ်သွားတာရှိတယ်။ ခုညလှုပ်တာလည်း အဲ့တုန်းကလောက်မဖြစ်ပေမယ့် ခေါင်းတော့မူးတာမျိုးရှိတယ်’’ ဟု ပုသိမ်မြို့ခံ အသက် ၃၀ အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မြေငလျင်လှုပ်ပြီးနောက် ထိခိုက်ပျက်စီးမှုကြီးကြီးမာမာ မရှိသော်လည်း လူအများစုဟာ အိမ်အောက် လမ်းမပေါ်တွင် စုနေတာမျိုးပြုလုပ်လာကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ညပိုင်း ငလျင်လှုပ်မှုသည် ပုသိမ်မြို့အပြင် ဧရာတီတိုင်းအတွင်းက မြို့နယ်များဖြစ်သည် မြောင်းမြ၊ မအူပင်၊ ဖျာပုံမြို့နှင့် ငပုတောမြို့များတွင်ပါ လှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၍ ပြောဆိုမှုများအရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနာက ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၅၃ မိုင်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

#ဧရာဝတီတိုင်း #ပုသိမ် #ငလျင် #ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times