ဧရာ၀တီတိုင်းမ်
ဧပြီ ၂ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အသေခံစစ်စခန်း ညောင်ကျိုးကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြီး ညောင်ကျိုးသို့ စစ်ကူပို့ထားသည့် ညောင်ခြေထောက်ကျေးရွာမှ ပြည်သူစစ်ခေါင်းဆောင်အပါအဝင် ခြောက်ဦး သေဆုံးသွားကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

ညောင်ကျိုးစခန်းကို ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကစဉ့်ကလျားထွက်ပြေးခဲ့ပြီး သေဆုံးသွားသည့် ပြည်သူစစ်ခေါင်းဆောင်အပါအဝင် ခြောက်ဦးကို ယနေ့ ဧပြီ ၂ ရက်နေ့က ညောင်ခြေထောက်ရွာတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

” မနေ့က ညောင်ခြေထောက်ရွာကပြည်သူစစ် ခြောက်ယောက် မသာပေါ်တယ်ဗျ။ ဒီနေ့ ဧပြီ ၂ ရက်နေ့မှာ သင်္ဂြိုဟ်တယ်။ ညောင်ခြေထောက်ရွာထဲက ပြည်သူ့စစ်ခေါင်းဆောင် အပါ ခြောက် ယောက်သေတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်က ညောင်ခြေထောက်မှ ပြည်သူ့စစ်များ၊ အမှတ်(၆) ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ-၆) ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းအမှတ်စဉ် (၈) သင်တန်းဆင်း တပ်သားသစ်များ စုစုပေါင်း အင်အား ၁၀၀ ခန့်ကို ဖောကား ရှစ် စီးဖြင့် ညောင်ကျိုးသို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ကျိုးမှာ တိုက်ပွဲ ဖြစ်နေလို့ စစ်ကူပို့တာ ၅ ရက်လောက်ရှိပြီ။ ညောင်ခြေထောက်ကနေ ဖောကားတွေနဲ့ပိုတာ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ အခုတော့ ညောင်ကျိုးကို စစ်ကူလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ကပစ ဘက်ကို ပြန်ထွက်ပြေးနေကြတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်နွှဲ၍ အသာစီးရ​နေသော်လည်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငလျင်နောက်ဆက် တွဲအခြေအနေများကို လေ့လာစောင့်ကြည့်ပြီးနောက် ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး ငလျင်ဒဏ်သင့်မြို့များတွင် ကူညီကယ်ဆယ်ရေးလုပ် ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပစေတနာ့ဝန်ထမ်းများ စိတ်လက်ကြည်သာစွာ လုပ်ကိုင်နိုင်ကြရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်လိုလားကြောင်း ဆိုထားသည်။

#ညောင်ကျိုး #စစ်ကူ #ညောင်ခြေထောက်ကျေးရွာ #ပြည်သူစစ်ခေါင်းဆောင် #၆ဦးသေဆုံး #ကောင်စီတပ်ဖွဲ့ဝင်များ #စခန်းစွန့်ခွာ #Ayeyarwaddy_Times