ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဧပြီ ၃ ရက်

အာဏာသိမ်းစစ်ကောင်စီက ကရင်နီဒေသတွင် သဘာဝဘေးဒဏ်သင့်ကာလအတွင်းအတွင်း တိုက်ခိုက်မှု အမျိုးမျိုးကို လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ၏ တိုက် ခိုက်မှုများအပေါ်မူတည်ပြီး ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ Joint Chiefs of Staff – JCS) မှ စစ်ဆင်ရေး များလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂ ရက်နေ့က ဘောလခဲမြို့နယ်အတွင်းသို့ လေကြောင်း တိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏တိုက်ခိုက်မှုများကို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ချိန်ညှိပြီး စစ်ဆင် ရေးများ ဆက်လက် လုပ်သွားမည် ဖြစ်ကြောင်း KNDF ထံမှ သိရသည်။

“ကျွန်တော်တို့ကရင်နီပြည်နယ်မှာဆို စစ်ကောင်စီက ဒီငလျင်ဘေးဒဏ်သင့်နေတဲ့အချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတုန်းဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲ တွေဘက်မှာ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ပါတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ကရင်နီပြည်စစ်ဦးစီးအဖွဲ့ ICS ၏ ကွပ်ကဲမှုဖြင့် ဘောလခဲနှင့် ဖားဆောင်းတို့ရှိစစ်ကောင်စီတပ်များကို မတ် ၄ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး တစ်လတာအတွင်း ဘောလခဲရှိ အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စသည့် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖားဆောင်းရှိ မီးသတ်တိုက် နှင့် ရေဆိပ်များကို တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးကျော် သေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကာ လက်နက်မျိုးစုံ အလက် ၄၀ ကျော် နှင့် ကျည်မျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ငလျင်ဘေးသင့်ကာလအတွင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်နေသော်လည်း ယမန်နေ့ ဧပြီ ၂ ရက်နေ့ကစတင်ကာ ရက် ၂၀ ကြာ ယာယီပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကာလ ကြေညာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ကို ထိုးစစ်ဆင်ခြင်း၊ အင်အားစုဖွဲ့ခြင်း၊ နယ်မြေတိုးချဲ့ခြင်းများ ပြုလုပ်ပါက တုံ့ပြန်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆို ထားသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #ဆက်လက်လုပ်ဆောင် #Ayeyarwaddy_Times