
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
စစ်ကိုင်းတိုင်းမြို့ရှိ မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်းပြိုကျမှုကြောင့် ကျောင်းတည်ထောင်သူ အပါအဝင် ခြောက်ဦးသေဆုံးပြီး ကျန်ရှိနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ဧပြီ ၂ ရက်နေ့တွင် အသိပေးထားသည်။
ထို့ပြင်ကျောင်းပြိုကျချိန်တွင်ကျန်ရှိနေသူ ကလေးခြောက်ဦးနှင့် ဆရာမတစ်ဦးကိုဆက်လက် ရှာဖွေ နေကြောင်း မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း၏ ဖော်ပြချက်အရ သိရသည်။
“ စစ်ကိုင်းမြို့ထဲမှာ အဆောက်အအုံပြိုတာနဲ့ အိမ်ပြိုတာတွေအပျက်အစီးတွေကြားထဲမှာ အပုပ်နံ ထွက်လာမှ လူသေဆုံးတာရှိမှန်းသိရတယ်။ ငလျင်လှုပ်ပြီးတော့ ငါးရက်ကြာတဲ့အထိ အပြိုအပျက်တွေ မဖယ်ရှားရသေးဘူး” ဟု စစ်ကိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။
ငလျင်လှုပ်ခတ်ချိန်တွင် ကျောင်းအတွင်းရှိနေသော ကျောင်းအုပ်ဆရာမကြီးဒေါ်စောကလျာ၊ ကျောင်းဆရာမ တစ်ဦး၊ စာရေးမတစ်ဦး၊ ဧည့်သည် သုံးဦး စုစုပေါင်း ခြောက်ဦးအသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးခန္ဓာကိုယ်များကို ဧပြီ ၁ ရက်နေ့က ခက်ခဲစွာဖော်ထုတ်ခဲ့ရကြောင်း သိရသည်။
“ ကျန်ရှိနေတဲ့ကလေး ခြောက်ယောက်နဲ့ ဆရာမတစ်ဦးကိုဆက်လက်ရှာဖွေနေပါတယ်။ အဲဒီအခြေ အနေကို အချိန်နဲ့တပြေးညီဆက်လက်ဖော်ပြပေးသွားပါမယ်။ ကလေးတွေအတွက်မိဘများနဲ့အတူ ထပ်တူ စိုးရိမ် ပူပန်နေပါတယ်” ဟု စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါကျောင်းတည်ထောင်သူနှင့် ရုံးစာရေး သုံးဦးကို ခက်ခဲစွာရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကလေး ခြောက်ဦးနှင့် ဆရာမတစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းမြို့အတွင်းရှိငလျင်ကြောင့်သေဆုံးသူများအတွက် အသုဘအခမ်းအနားပြုလုပ်ရာတွင် မွတ်ဆလင်များက ဘာသာရေးဓလေ့နှင့်အညီဆောင်ရွက်ကြပြီး ဗုဒ္ဓဘာသာဝင်များကအများစုကို နာရေးကူညီမှု အသင်းများကစုပေါင်းမီးသင်္ဂြိုဟ်ကြကြောင်း စာနာကူညီမှုလုပ်ဆောင်နေသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးနှင့်စစ်ကိုင်းဗဟိုပြုပြီး အင်းအားရစ်(ခ်)တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ အဆင့်ငလျင်အပါအဝင် ငလျင်ငယ်များဆက်လိုက်လှုပ်ခတ်မှုကြောင့် နေအိမ်တိုက်တာ၊ အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
ယနေ့ ဧပြီ ၃ ရက် နံနက် ၈ နာရီ အထိကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံးတွင် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း၊ လူမှုကွန်ရက်
#အင်အားပြင်းထန်ငလျင် #စစ်ကိုင်း #မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း #ပြိုကျမှု #အသက်ရှင်သူများရှာဖွေ #Ayeyarwaddy_Times