
ဧရာဝတီတိုင်းမ်
ဧပြီ ၃ရက်
စစ်ကောင်စီက ယမန်နေ့ ဧပြီ ၂ရက်နေ့မှစ၍ ရက် ၂၀အပစ်ရပ်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယနေ့ မနက်ပိုင်းမှစ၍ ဝိုင်းမော်မြို့နယ်ရှိ လမြန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်လာကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လမြန်ရွာဘက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများရှိရာဘက်သို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဝူယာန်ကနေ လမြန်အထိ စစ်ဆိုင်ထားတဲ့နေရာတွေကို အားရင်အားသလို ပစ်လိုက် ထုလိုက်နဲ့ လုပ်နေတာ။ ဘုန်းဘုန်းတို့ ဝါးရှောင်နဲ့ စစ်ဆိုင်ထားတဲ့နေရာက ၁၀မိနစ်၊ ၁၅မိနစ်ဆိုရောက်ပြီ။ အသံတွေကြားနေရတယ်။ အခုထိထုနေတုန်းပဲ” ဟု ဝါးရှောင်ဆရာတော်က ဧရာဝတီတိုင်းမ်ကို မိန့်သည်။
ဝိုင်းမော်ရှိ ခလရ ၅၈ မှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင်း နံနက်အစောပိုင်းမှစ၍ လမြန်ရွာကို စစ်ကြောင်းထိုးရာ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဝိုင်းမော်က ဘုန်းဘုန်း ဒကာ၊ ဒကာမတွေကလည်းလှမ်းပြောတယ်။ ခလရ ၅၈ကနေ အကြီးတွေနဲ့ ထုနေတယ်။ လက်နက် ကြီး၊ ငယ်သံတွေကြားနေရတယ်” ဟု ဝါးရှောင်ဆရာတော်က မိန့်သည်။
စစ်ကောင်စီက လမြန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း ကချင်လွတ်မြောက် ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
စစ်ကောင်စီနှင့် KIAတို့သည် ပြီးခဲ့ မတ် ၂၁ရက်နေ့မှစတင်ကာမတ် ၂၄ရက်နေ့အထိ လမြန်ရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသည် ဧပြီ ၁ ရက်နေ့က လမြန်ရွာကို ဒရုန်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ယမန်နေ့ ဧပြီ ၂ရက်တွင် ရက် ၂၀ကြာအပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်ကိုရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
#ကချင် #ဝိုင်းမော် #လမြန် #စစ်ကောင်စီ #အပစ်ရပ် #စစ်ကြောင်းထိုး #လက်နက်ကြီးပစ် #Ayeyarwaddy_Times