(ကန်ပက်လက်)၊ဧရာဝတီတိုင်းမ်
ဧပြီ ၃ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ နေအိမ် ငါးလုံးနှင့် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီးသွားကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂ရက်နေ့၊ မွန်းလွဲ ၁နာရီ ၁၅ မိနစ်အချိန်မှစ၍ ကန်ပလက်မြို့ရှိ အစိုးရအဆောက်အဦးများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးသီးအမြောက်မြားကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အစိုးရအဆောက်အဦတွေ ရွေးပြီး လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ အဲမှာ အနီးအနားက အရပ်သားနေအိမ်တွေလည်း ထိသွားတာဖြစ်ပါတယ်။ အစိုးရအဆောက်အဦးတွေက အတော်လေး ရစရာမရှိအောင် ပျက်စီးသွားကြတယ်” ဟကန်ပက်လက်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ငါးလုံး၊ မြို့နယ်ထွေအုပ်ရုံးမှ အဆောက်အဦ ရှစ်လုံး၊ ခေါနူးသုမ်ရိပ်သာ တစ်လုံး၊ ကျေးလက်ဦးစီးမှူးရုံး နှစ်ရုံးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တစ်ရုံးမြို့နယ်ရုံး တစ်လုံးနှင့် မြို့နယ်စီမံကိန်းရုံး နှစ်ရုံးတို့ ပျက်စီးသွားကြောင်း သိရသည်။

အရပ်သားပြည်သူများ သေဆုံးသူမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိကြောင်း သိရသည်။

“ကန်ပက်လက်မြို့ထဲကို အများစုက ပြန်မလာကြသေးပါဘူး။ အနည်းစုသာ ပြန်လာကြသေးတယ်။ အဓိကတော့ လေကြောင်းရန် အန္တရာယ်ကြောင့်ပါ။ မနေ့က လေကြောင်း တိုက်ခိုက်မှု အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးမှုတော့ မရှိဘူး” ဟု ကန်ပက်လက်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧပြီလ ၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီတပ်ကဗုံးကြဲ တိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုရှိကြောင့် ထိခိုက်မှုအခြေအနေ ဆက်သွယ်ရေးခက်ခဲသည့်အတွက် အသေးစိတ်မသိရသေးဟု ဆိုသည်။

#ကန်ပက်လက်မြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #နေအိမ်၅လုံး #အစိုးရအဆောက်အဦ #၂၀လုံးပျက်စီး #Ayeyarwaddy_Times