
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီ ၏ ဒရုန်း ၅ စင်းကို ဗန်းမော်တိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း Hexa Drone အဖွဲ့နှင့် Heavy Drone အဖွဲ့တို့ ရောက်ရှိနေပြီး Heax ဒရုန်းနှစ်စင်း၊ Heavy ဒရုန်းသုံးစင်းသာ ကျန်ရှိတော့ကြောင်း တပ်သတင်းအခြေအနေများနှင့် စစ်ရေးများကို လေ့လာ သုးသပ်သူ ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
ဗိုလ်စွမ်းထက်နိုင် ဦးစီးသည့် Hexa ဒရုန်းအဖွဲ့ ၂၆ တွင် စက်အမှတ် ၂၁၇၀၄၊ ၃၀၀၃ ဒရုန်းနှစ်စင်းနှင့် ဗိုလ်ကြီး သော်ဇင်ဦး ဦးစီးသည့် ဒရုန်းအဖွဲ့ ၅ တွင် Heavy ဒရုန်း စက်အမှတ် ၁၁၂၊ ၁၁၇၊ ၁၁၉ သုံးစီး စုစုပေါင်း ငါး စင်းသာကျန်ရှိတော့ကြောင်း သိရသည်။
ထို့ကြောင့် KIA ကပစ်ချလိုက်၍ ပျက်စီးသွားသည့်ဒရုန်းများအစား အရေးပေါ် ဒရုန်း ငါး စင်းဖြည့် တင်းပေးရန် တောင်းခံနေကြောင်း ဧရာ၀တီတိုင်းမ်၏ စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြု ပြောကြားသည်။
“ဗန်းမော်တိုက်ပွဲမှာ စစ်တပ်က ဒရုန်းတွေကို အဓိကထားပြီးတိုက်နေတာ။ KIA ဘက်က ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်။ သူတို့ဘက်က အရေးပေါ်ဒရုန်းတွေကို မတ် ၂၈ ရက်လောက်က တောင်းဆို ထားတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိ တိုက်ပွဲများကို ရပ်တန့် သွားမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း ကချင်ပြည်နယ်ရှိ အချို့နေရာများကို လေကြောင်းမှတိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၃ ရက်နေ့တွင် နံနက်ပိုင်းမှစ၍ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးကာ ခလရ ၅၈ မှ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် လမြန်၊ ဖုတ်ကြိတ်၊ နန့်ဝါ၊ ဝါးရှောင်ကျေးရွာများဘက်ကို ၁၂၀ မမ လက်နက်ကြီး များဖြင့်ပစ်ခတ်နေပြီး ယနေ့နေ့လယ်ပိုင်းတွင် လေကြောင်းကိုပါ အဓိကထား၍ ပစ်ခတ်တိုက်ခိုက် လာနေကြောင်း သိရသည်။
ပုံစာ- ပြီးခဲ့သည့် မတ် ၉ရက်နေ့တွင် KIA က ပစ်ချခဲ့သည့် စစ်ကောင်စီဒရုန်းကို တွေ့ရစဉ်
#ကချင် #ဗန်းမော် #စစ်ကောင်စီ #ဒရုန်း #၅ စင်း #ပစ်ချခံရပြီး #အစားထိုးတောင်း #Ayeyarwaddy_Times