
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ငလျင်ဘေးဒုက္ခအကြီးအကျယ်ခံစားနေသော မန္တလေးနှင့် စစ်ကိုင်းတိုင်းအပါအဝင်ဒေသအချို့တွင် လာမည့်ငါးရက်အတွင်းအချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဧပြီ ၆ ရက်မှ ၁၁ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ဧရာဝတီတိုင်းနှင့် ကယား၊ ချင်း၊ရခိုင်၊ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် ရွာသွန်းမည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပြိုကျပျက်စီးနေသည့်အတွက် ပြည်သူအများစုသည် ကားလမ်းမကြီးပေါ်တွင် ရွက်ဖျင်တဲထိုးနေထိုင်ကြရသူများပြားနေသည်။
” မိုးတွေရွာအုံးမယ်ဆိုတော့ နေရေးထိုင်ရေးခက်တော့မှာပဲ။ လူတွေဘယ်လိုနေကြအုံးမလဲ မသိဘူး ” ဟု ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင်ငလျင်အကြီးအကျယ်လှုပ်ခတ်မှုကြောင့် ပြည်သူလူထုစိုးရိမ်စိတ်ပူနေချိန်တွင် လူမှုကွန်ရက်ပေါ်ရှိသတင်းအချက်များလွန်ကဲနေသည့်အတွက် သတိပြုသင့်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက သတိပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-မန္တလေးမြို့ ငလျင်ကြောင့် နေအိမ်အပြင်ထွက်အိပ်နေသူများ
#အချိန်အခါမဟုတ်မိုးရွာမည် #ငလျင်လှုပ်ခံရ #မန္တလေး #စစ်ကိုင်း #Ayeyarwaddy_Times