
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ် နေသော်လည်း စစ်ကောင်စီက သင်္ကြန်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ကြေညာကာ ရေကစားမဏ္ဍပ်များ နေရာအချို့၌ ဆောက်လုပ်ပြင်ဆင် ပုံဖော်နေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လူထုလက်မခံသော်လည်း သင်္ကြန်ပွဲကို စည်ကားစွာ ပြန်လည်ကျင်းပလာပြီး ယခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသေဆုံး ထိခိုက်မှုများ ဖြစ်ပေါ်နေသဖြင့် အပျော်အပါး သီဆိုကခုန်မှုများမပါဘဲ ကျင်းပသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
သင်္ကြန်ဆိုသည်မှာ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲ တစ်ခုဖြစ်သော်လည်း ခေတ်စနစ်ကောင်း အချိန်အခါကောင်းများနှင့် ကိုက်ညီဆီလျော်မှ လုပ်သင့်ကာ လက်ရှိ၌ တိုင်းပြည်သည် စစ်ဘေး၊ ငလျင်ဘေး စသည်တို့ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် မပြုလုပ်သင့်ကြောင်း သံဃသမဂ္ဂ- မန္တလေးက ဧရာဝတီတိုင်းမ်ကို မိန့်သည်။
“ဒါပေမယ့် စစ်ကောင်စီက ပြည်သူတွေ ဘယ်လောက်သေကြေ ပျက်စီးနေပါစေ သူတို့က မမှုဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံတကာရပ်ဝန်းကို ပြည်သူတွေက စစ်ကောင်စီနဲ့အတူတူ ငြိမ်းချမ်းနေပါပြီဆိုတဲ့ ပုံဖော်ဖို့၊ ရွေးကောက်ပွဲ လုပ်ဖို့ရှိတော့ အဲဒီအတွက် ကြိုးပမ်းနေတာ” ဟု သံဃသမဂ္ဂ- မန္တလေးမှ ဆရာတော် ဦးဓမ္မမေတ္တာက မိန့်ကြားသည်။
ထိုသို့ သင်္ကြန်ပွဲ ပြုလုပ်နိုင်ရန် စစ်ကောင်စီသည် ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ဟိုပုံး၊ တောင်ကြီး စသည့်နေရာအချို့၌ မြို့တော်ဝန် မဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်တို့ ပြင်ဆင်ဆောက်လုပ်နေပြီး လုပ်ငန်းရှင်များထံကလည်း သင်္ကြန်အတွက် အလှူငွေများ ကောက်ခံလျက်ရှိကြောင်း သတင်းများအရ သိရသည်။
“နာရေးအိမ်မှာ နာရေးမဏ္ဍပ်မပြီးသးဘဲ သင်္ကြန်မဏ္ဍပ်ထိုးသလို ဖြစ်နေပြီ။ တကယ်ဆို ငလျင် ကြောင့် သေဆုံးသူတွေ များနေချိန်မှာ ဝိဉာဉ် တွေ ငိုကြွေးတာ ပြေလျော့စေဖို့ ပရိတ်တရားနာတာ၊ အမျှဝေတာ လုပ်ပေးသင့်တယ်” ဟု ရန်ကုန်မြို့နေ လူလတ်ပိုင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ပြုလုပ်မည့် သင်္ကြန်အတွက် သုံးစွဲရန် ငွေကြေးများကိုလည်း ငလျင်ဘေးတွင် အသုံးပြု၊ တာဝန်ယူသင့်သလို ငလျင်နှင့် ပတ်သက်၍သာ အာရုံစိုက် လုပ်သင့်ကြောင်း ရဟန်းသံဃာ၊ ပြည်သူများက ဝေဖန်ထောက်ပြလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတဝန်း၌ ငလျင်ဒဏ်ကြောင့် ယနေ့ ဧပြီ ၃ ရက်၊ နံနက် ၈ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရသူ ၄၇၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် ရှမ်းတို့သည် အဆိုးဝါးဆုံး ကြုံတွေ့နေရကြောင်း သိရသည်။
လာမည့်ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် သင်္ကြန်ပွဲနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ငလျင်ဒဏ်သင့်ပြည်သူများကို စာနာသောအားဖြင့် ၎င်းတို့ ထိန်ချုပ်ထားသည့် ဒေသများတွင် ပျော်ပွဲရွှင်ပွဲများ လုပ်ဆောင်မည်မဟုတ်ဟု ဆိုထားသည်။
ဓာတ်ပုံ-ရန်ကုန်မြို့တော်ခန်းမရှေ့နှင့်၊ စစ်ခေါင်းဆောင်
#သင်္ကြန်ပွဲကျင်းပ #စစ်ကောင်စီပုံဖော် #ငလျင် #Ayeyarwaddy_Times