
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘင်းမ်စတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်ရန် ယနေ့ ဧပြီ ၃ ရက် ၊ ညနေ လေး နာရီတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြောင်း ထိုင်းသတင်မီဒီယာများထံမှ သိရသည်။
စစ်ခေါင်းဆောင် အနေဖြင့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပြီး လာမည့် ဧပြီ ၄ ရက်နေ့တွင် ကျင်းပမည့် ဘင်းမ်စတက် အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကာ ထိုင်းအစိုးရအဖွဲ့ဝင်များ၊ BIMSTEC အဖွဲ့ဝင် နိုင်ငံတကာ ခေါင်းဆောင်များနှင့် မြန်မာ့ငလျင်ဘေး အကြောင်းကိုလည်း ပြောဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဧပြီ ၃ ရက် နှင့် ၄ ရက် နှစ်ရက်တာ အစည်းအဝေး အတွင်း ယနေ့ဧပြီ ၃ ရက်နေ့၌ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ၏ အမြင်စောင်းခြင်းများနှင့် အငြင်းပွားမှုများကို ရှောင်ရှားရန် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် အနီးကပ်နေခြင်းမှ ရှောင်ရှားရန်နှင့် သတိဖြင့်ဆက်ဆံရန် ထိုင်းနိုင်ငံမှ အရှေ့တောင်အာရှ ဒေသတွင်းလေ့လာရေး ကျွမ်းကျင်သူတစ်ဦးက သတိပေးပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးသို့တက်ရောက်ခွင့်ပြုသည့်အပေါ် လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့(APHR) ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ ပြီး အရပ်ဘက် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းအများအပြားကလည်း ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(BIMSTEC) အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ အိန္ဒိယ၊ သီရိအလင်္ကာ၊ မြန်မာ နိုင်ငံတို့မှ တက်ရောက်နေ ကြောင်းသိရသည်။
ဓာတ်ပုံ – The Reporters
#BIMSTEC #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #တက်ရောက် #ငလျင် #Ayeyarwaddy_Times