ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EROs)က ခုခံတော်လှန်မှုအတွက် ထိုးစစ်ဆင်မှုများကို ယာယီရပ်နားထားမည်ဟု ထုတ်ပြန်ထား သော်လည်း စစ်ခေါင်းဆောင်က လက်မခံဘဲ လေ့ကျင့်၊ စုဖွဲ့မှု ရှိနေ၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ယနေ့ဧပြီ ၁ ရက်က ပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ထိုသို့ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

“တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲဖော်ဆောင် တာတွေ မရှိတော့သော်လည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင် ခြင်းတွေ လုပ်ဆောင်နေတယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုကြောင်း ၎င်းတို့၏ဝါဒဖြန် ရုပ်သံများအရ သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် တိုက်ခိုက်မှုသာဖြစ်ပြီး ၎င်းတို့အနေဖြင့် လိုအပ်သော ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သလို တစ်ဖက် တွင်လည်း တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းများအရ သိရသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့က ငလျင် နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွား လျက်ရှိသည့် နေရာများ၌ ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ် ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၇ ဒသမ၇ အဆင့်ရှိ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် ဗန်းမော်နှင့် ဝိုင်းမော် ၊စစ်ကိုင်းတိုင်းတွင် အင်းတော် ၊ ရှမ်းပြည်နယ်တွင် နောင်ချို ၊ မကွေတိုင်းတွင် စလင်းမြို့ နှင့် ဧရာ၀တီတိုင်းရှိ ရေကြည်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့အနီးတဝိုက်တွင် လေယာဉ် များအပြင် စက်တပ်လေထီးနှင့် ဒရုန်ဗုံးများ အသုံးပြု၍ ဗုံးများကြဲချကာ တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#ERO #ထိုးစစ်ရပ် #လေ့ကျင့်စုဖွဲ့မှု #တိုက်ခိုက်ခြင်း #စစ်ခေါင်းဆောင် #ပြောဆိုပယ်ချ #Ayeyarwaddy_Times