မြန်မာငလျင်ကို သတင်းယူခွင့်ပေးဖို့လိုအပ်ပြီး ပိတ်ပင်ထားပါက သတင်းပျံ့နှံ့မှုအားနည်းမည်ဖြစ်ကာ ငလျင်ဒဏ်ခံပြည်သူများဆီ လိုအပ်သည့် အကူအညီများများနှင့်မြန်မြန်ရဖို့လို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားမှုကြောင့် နိုင်ငံတကာက သတင်းရယူလိုသော်လည်း စစ်ကောင်စီက ငြင်းဆန်လိုက်ပြီး ဝင်ခွင့်ပိတ်ပင်ခြင်းသည် ၎င်းတို့ ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများကို ဖော်ထုတ်မည်ဆိုး၍ ဖြစ်နိုင်ကြောင်း လုပ်သက်ရင့် မီဒီယာသမားများက သုံးသပ်ထောက်ပြသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်က ရစ်ချက်တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော်၊ ရှမ်းနှင့် ပဲခူးတို့တွင် ပြိုကျပျက်စီး ထိခိုက်သေဆုံးမှု များပြားနေပြီး နိုင်ငံတကာက သတင်းရယူရန် စစ်ကောင်စီထံ တောင်းဆိုခဲ့ရာ ငြင်းဆန်ပိတ်ပင်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာစကားပုံမှာ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်ဆိုသလို တခြားရာဇဝတ်မှုတွေပါ ထပ်ပြီးစုံစမ်း ဖော်ထုတ်မှာဆိုးလို့ မပေးတာပါ” ဟု လွတ်လပ်သော ​မြန်မာသတင်းမီဒီယာကောင်စီ (IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ လက်ရှိအခြေအနေများအရ နိုင်ငံတကာမှ သတင်း ထောက်များ လာရောက်ပါက ၎င်းတို့အနေဖြင့် အလုပ်ရှုပ်နေသလို ရေ၊ မီးနှင့် ဟိုတယ်များ မရှိဟုဆိုကာ ငြင်းဆန်လိုက်ကြောင်း မတ် ၃၀ ရက်၊ ညပိုင်းက သတင်းဌာနအချို့ကို ပေးပို့ခဲ့သော အသံဖိုင်အရ သိသည်။

စစ်ကောင်စီအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့သည့်နေရာများတွင် နိုင်ငံတကာ သတင်းထောက်များအား လွပ်လွပ်လပ်လပ် သတင်းယူခွင့်ပေးဖို့လိုအပ်ပြီး ပိတ်ပင်ထားပါက သတင်းပျံ့နှံ့မှု အားနည်းမည်ဖြစ်ကာ ကမ္ဘာ့မျက်နှာစာသို့ များများပျံ့နှံ့ဖို့ လိုကြောင်း ပြည်တွင်း ပြည်ပ အတွေ့အကြုံရှိ စီနီယာသတင်းထောက်တစ်ဦးက ဆိုသည်။

“စစ်ကောင်စီက သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကောင်းကောင်းမလုပ်တတ်ဘူး။ ပြောရရင် ဒီအချိန်မှာ ဒုက္ခရောက်နေတဲ့ ငလျင်ဒဏ်ခံပြည်သူတွေ လိုအပ်တဲ့အကူအညီ များများနဲ့မြန်မြန်ရဖို့ သတင်းဌာနပေါင်းစုံကနေ နိုင်ငံတကာက လူတွေ နားလည်မယ့် ဘာသာစကားတွေနဲ့ တင်ဆက်ရမှာ၊ ဒါမှ လိုအပ်တာတွေ လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက် ကူညီနိုင်မှာ။ ဥပမာ-ထိုင်းနိုင်ငံက ကလေးတွေ ဂူထဲပိတ်မိတဲ့ကိစ္စဆိုရင် ဘယ်မီဒီယာမဆို အစစ်အဆေးအမေးအမြန်းမရှိ လွတ်လပ်စွာ သတင်းယူခွင့်ပေးတယ်။ ထိုင်းအစိုးရက ပြသနာ မရှာဘူး။ အဲဒီတော့ သတင်းပျံ့နှံမှုအား ကောင်းတယ်။” ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နိုင်ငံတကာ သတင်းသမားများကို စစ်ကောင်စီက ပြည်ဝင်ခွင့် ပိတ်ထားပြီး သတင်းသမားအတွက် သတင်းရယူရာ၌ နေရာထိုင်ခင်းမှာ အဓိကမကျသဖြင့် အကြောင်းပြချက် တစ်ခုသာဖြစ်ကာ ပြည်သူသာ ထိခိုက်နစ်နာရကြောင်း မီဒီယာသမားများက ထောက်ပြသည်။

“အဲဒါနဲ့ ပတ်သက်ပြီး တကယ်နစ်နာတာတော့ အခုငလျင်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေပါပဲ။ အထူးသဖြင့် သူတို့သတင်းလေးများ တစ်နေရာမှာပါသွားရင် ငါ့တို့ကို လာကူမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ပိတ်မိနေတဲ့ ပြည်သူတွပါပဲ” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဆိုသည်။

ဓာတ်ပုံ – Reuters ၊ စစ်ကောင်စီ
ပုံစာ-မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသည့်အဆောက်အဦးကို တွေ့ရစဥ်။
ပုံစာ-စစ်ခေါင်းဆောင် တရုတ်ကယ်ဆယ်ရေးဆေးကုသရေးအဖွဲ့အား သွားရောက်တွေ့ဆုံစဉ်။
#စစ်ကောင်စီ #နိုင်ငံတကာ #မြန်မာငလျင် #သတင်းရယူခွင့် #ပိတ်ပင်မှု #ရာဇဝတ်မှုများ #ဖော်မည်ဆိုး #Ayeyarwaddy_Times