
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော တရုတ်နိုင်ငံ ကြက်ခြေနီအသင်း ယာဉ်တန်းကို အသိပေး၍ ဝင်ရောက်လာခြင်း မဟုတ်သဖြင့် သေနတ် ပစ်ဖောက်ခဲ့ဟု အာဏာသိမ်း စစ်ကောင်စီက ဝန်ခံခဲ့သည်။
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် ယမန်နေ့ ဧပြီ ၁ ရက်၊ ည ၉ နာရီ ၂၁ မိနစ်ခန့်က ငလျင်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ယာဉ်တန်းဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လာ ရာမှ စစ်ကောင်စီက နောင်ချိုမြို့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တန်းများသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ စစ်သံရုံးများသို့ ကြိုတင်၍ အကြောင်း ကြားထားခြင်း မရှိသဖြင့် ၎င်းတို့၏ လုံခြုံရေးအဖွဲ့က တွေ့ရှိသည့်အခါ မီးထိုးတားဆီးသော်လည်း မရ ခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒီယာဉ်တန်းကို တွေ့တဲ့အခါ မီတာ ၂၀၀ လောက်ကတည်းက မီးထိုးတားဆီးတယ်၊ မရခဲ့ဘူး။ အဲဒီနောက် မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တယ်” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့် ရုပ်သံမှတစ်ဆင့် ပြောသည်။
သို့သော် ထိုယာဉ်တန်းသည် စစ်ကောင်စီထံ သတင်းကြိုပို့၍ မန္တလေးမြို့သို့ ထောက်ပံ့ရေး ပစ္စည်းများဖြင့် ခရီးဆက်ခြင်းဖြစ်ရာ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ၌ စစ်ကောင်စီတပ်က အသင့် စောင့်ကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော် (TNLA)ထံမှ သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်ခံရသည့်အတွက် တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်းသည် နောင်ချိုမြို့နယ်သို့ ပြန်လှည့်ခဲ့ရပြီး TNLA မှ ကာကွယ်စောင့်ရှောက်ပေးထား၍ ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ငလျင်စတင်လှုပ်သော မတ် ၂၈ ရက်ကတည်းက နောင်ချိုမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီး၍ ထိခိုက်သေဆုံးမှု ရှိခဲ့သလို ယမန်နေ့ ဧပြီ ၁ ရက်ကလည်း ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-TNLA၊ စစ်ကောင်စီ
#ငလျင်ကူညီ #တရုတ်ကြက်ခြေနီအသင်းယာဉ်တန်း #သေနတ်ပစ်ဖောက် #စစ်ကောင်စီဝန်ခံ #Ayeyarwaddy_Times