ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂ ရက်

တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် စစ်ကောင်စီအတွက် လူငယ်များကို တပ်သားသစ်စုဆောင်း ပေးနေတဲ့ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူး ၎င်း၏နေအိမ်တွင် ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှသိရသည်။

ပုလောမြို့နယ် ၊ အမှတ် ( ၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၁) နှစ်အရွယ်ရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကို မတ်လ ၃၁ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ၎င်း၏ နေအိမ်တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခင်မောင်ဝင်းဟာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးတာ နဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတွက် အတင်းအကျပ်ဖိအားပေးတယ်။ နည်းအမျိုးမျိုး နဲ့ခြိမ်းခြောက်ပြီး ငွေညှစ်တယ်။ ငွေမပေး နိုင်တဲ့သူတွေဆိုရင် စစ်တပ်အတွက် တပ်သားအသစ်အဖြစ် စုဆောင်းပေးနေတဲ့သူဖြစ်ပါတယ်” ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုး က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ ရာအိမ်မှူး ခင်မောင်ဝင်း ဆိုသူကို တော်လှန်ရေးပူးပေါင်းတပ်များက သူ့ ရဲ့ လုပ်ရပ်များ ကို ရပ်တန့်ရန် အကြိမ် ကြိမ်သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း နှင့် KNDO တပ်ရင်း (၇)တပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် လူငယ်များကို စစ်မှုထမ်းရန် အတွက် အတင်း အကျပ်ဖိအားပေးခြင်း ၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ပြည်သူလူထုများအား ခြိမ်းခြောက်ခြင်း များပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း မှ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

#ပုလောမြို့ #စစ်မှုထမ်းရန် #တပ်သားသစ်စုဆောင်း #ရပ်ကွက်အုပ်ချုပ်ရေးမှူး #နေအိမ် #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times