
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်ရဲ့ ညွှန်ကြားချက်အရ ပါကစ္စတန်အစိုးရက အင်္ဂါနေ့မှာ မြေငလျင် ဒဏ်သင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးပစ္စည်း ၃၅ တန် ပေးပို့ခဲ့ပါတယ်။
လွှတ်တော်ရေးရာဝန်ကြီး တာရစ်ဖ်ဖာဇယ်ချောင်ဒူရီဟာ အစ္စလာမ္မာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်တာကို ကြည့်ရှုခဲ့ပါတယ်။
အကူအညီပစ္စည်းတွေထဲမှာ ရွက်ဖျင်တဲတွေ၊ စောင်တွေ၊ တာပေါ်လင်စတွေ၊ အသင့်စား အစား အစာတွေနဲ့ ဆေးဝါးတွေ ပါဝင်ပြီး ရန်ကုန်လေဆိပ်မှာ မြန်မာစစ်ကောင်စီအာဏာပိုင်တွေထံ လွှဲပြောင်း ပေးခဲ့ပါတယ်။
ထိခိုက်ပျက်စီးမှု ကြီးမားစေခဲ့တဲ့ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် နေထိုင်စရာ၊ ရေ သန့်နဲ့ ဆေးဝါးတွေ ပြတ်လပ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက် ရေးရုံး (UNOCHA) က ပြောပါတယ်။
သောက်သုံးရေ ပြတ်လပ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးချက် ထုတ် ပြန်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေပြီး ဆေးဝါးတွေ ပြတ်လပ်နေကာ သောက်သုံးရေနဲ့ လောင်စာဆီ ပြတ်လပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
မြန်မာ့မြေငလျင်ဘေးဟာ ထိပ်တန်းအဆင့် လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုအဖြစ် ကမ္ဘာ့ဒုက္ခသည်အေဂျင်စီ (UNHCR) က သတ်မှတ်ခဲ့ပြီး ပလက်စတစ်အမိုးအကာ၊ အိပ်ယာနဲ့ ခြင် ထောင်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ကိုးကား – Geo News
Ref; Pakistan dispatches relief consignment for quake-hit Myanmar
#Ayeyarwaddy_Times