ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲခံရ၍ လက်ချောင်း သုံးချောင်း ပြတ်ကာ ဆေးရုံတက်နေသည့် အသက် ၇၅ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့တွင် ရေကြည်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်၂၄ ရက်နေ့တွင် ရွာသစ်ကြီးအုပ်စု၊ မန်ကျည်းကုန်း ကျေးရွာများ၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သဖြင့် မန်ကျည်းကုန်း ကျေးရွာဒေသခံ အဘိုးအိုတစ်ဦး လက်ချောင်း သုံးချောင်းပြတ်ကာ ရေကြည်မြို့နယ်မှ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

ဒရုန်းဖြင့်ဗုံးကြဲခံရ၍ လက်ချောင်းများပြတ်ကာ ဆေးရုံတက်နေရသည့် အဘိုးကို စစ်ကောင်စီတပ်က PDF များနှင့် ပတ်သက်ဆက်နွယ်နေသူဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လက်ပြတ်လို့ ဆေးရုံတက်နေတာကို PDF တွေနဲ့ပတ်သက်တယ်ဆိုပြီး ရေကြည်စခန်းက ဖမ်းဆီးပြီး စစ်နေကြတယ်။ အဘိုးခမျာ လက်ကလဲပြတ်နေသေး၊ အချုပ်ထဲမှာလဲ အစစ်ခံနေရတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ရွာသစ်ကြီးအုပ်စု၊ သတ်တိကုန်း၊ မန်ကျည်းကုန်း ကျေးရွာများမှ ဒေသခံများ ရေကြည်မြို့သို့ စျေးတက်ဝယ်နေစဥ် PDF တပ်ဖွဲ့များအတွက် စျေးတက်ဝယ်သည်ဟုစွပ်စွဲပြောဆို၍ ရေကြည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မတ် ၃၁ ရက်ညပိုင်းတွင်လည်း လေးမျက်နှာမြို့နယ်အတွင်းရှိ ဝါးတောကွင်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့်ပြည်သူ သုံးဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက် ပြတ်သွားပြီး နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

#ရေကြည် #စစ်ကောင်စီ #ဒရုန်းဖြင့်ဗုံးကြဲ #လက်သုံးချောင်းပြတ် #အဘိုးအို #စစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times