
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်း ယာဉ်တန်းအား စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၁ ရက်ည ကိုးနာရီ ၂၁ မိနစ်ခန့်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးဆက်ရာတွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်၏ အသင့်စောင့်ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း နှင့် ယာဉ်တန်းများသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ပစ်ခတ်ခံရသည့်အတွက် ယာဉ်တန်းသည် နောင်ချိုမြို့နယ်သို့ ပြန်လှည့်ခဲ့ရပြီး တအာင်းတပ်မတော် TNLA မှ ကာကွယ်စောင့်ရှောက်ပေးထား၍ ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် ငလျင်လှုပ်ခဲ့သည့် မတ် ၂၈ ရက်နေ့ကလည်း နောင်ချိုတွင် ဗုံးကြဲတိုက်ခိုက်သဖြင့် DPLA မှ ရဲမေ ခြောက်ဦးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် ဧပြီ ၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။
ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA ၊ TNLA နှင့် MNDAA တို့က ဧပြီ ၁ ရက်မှစကာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာထားသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန MOD ကလည်း မတ် ၃၀ ရက်မှစ၍ နှစ်ပတ်အတွင်းထိုးစစ်များကို ရပ်ထားပေးခဲ့သည်။
#ငလျင်ဘေးသင့်ပြည်သူများ#ထောက်ပံ့ရေးပစ္စည်းများ#တရုတ်ကြက်ခြေနီအသင်း#ယာဉ် ၉ စီး#စစ်ကောင်စီတပ်#ပစ်ခတ်#TNLA
#Ayeyarwaddy-Times