နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ငလျင်ဒဏ်သင့် ဒေသအချို့သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လာရောက်ခဲ့သော်လည်း မြေပြင်တွင် အကူအညီများ မရရှိသဖြင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ဒုစစ်ခေါင်းဆောင်သည် အင်အားပြင်းထန် ငလျင်ဒဏ်သင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များ အနက် အောင်ပန်းနှင့်ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို ယမန်နေ့ မတ် ၃၁ ရက်က လာရောက်ခဲ့ ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း ဒုစစ်ခေါင်းဆောင်သည် စစ်ကောင်စီနှင့် နီးစပ်ပတ်သက်သော နေရာအချို့၊ ဆေးရုံနှင့် အထင်ကရ နေရာများကိုသာ သွားရောက်၍ ထိုမှရရှိသည့် စာရင်းများအား ယူဆောင်၍ ပြန်သွားကြောင်း အင်းလေးဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

“မြေပြင်မှာ ထိရောက်တဲ့ အကူညီမရှိခဲ့ဘူး။ ငလျင်လှုပ်ခါစရက်က ဇရပ်ကြီးရွာမှာ စစ်ကောင်စီ တပ်သားတချို့ ကူညီတာရှိတယ်။ လှူဒါန်းသွားတဲ့ အတိုင်းအတာမှာတော့ မြေပြင်က နယ်ခံတွေ မရကြဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ငလျင်ကြောင့် ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ်၊ တောင်ကြီးမြို့တို့တွင် စေတီပုထိုး၊ ဘုရားများ အဓိကပြိုကျ၍ ပင်လောင်း၊ အင်းလေး၊ အောင်ပန်းနှင့် ကလောမြို့၌ နေအိမ်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး (PYO)ထံမှ သိရသည်။

ယင်းအနက် အင်းလေးနှင့် ပင်လောင်းဒေသတွင် ထိခိုက်ပျက်စီး သေဆုံးမှု များပြားခဲ့ပြီး နေအိမ်ပေါင်း ၂၅၅၆ လုံး ပြိုကျပျက်စီး၍ မွေးကင်းစကလေး၊ ၁၈ နှစ်အောက်နှင့် သက်ကြီးပိုင်းအပါအဝင် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအပြင် ထိခိုက်သူများရှိပြီး ထိုအရာသည် ငလျင်စတင် လှုပ်ခတ်သည့်နေ့မှ မတ် ၃၀ ရက်အထိ ကောက်ယူခဲ့သော စာရင်းဖြစ်ပြီး စစ်ကောင်စီကမူ ရှမ်းပြည်နယ်အတွင်း နေအိမ် ၁၅၇ လုံး နှင့် သေဆုံးသူ ၆၅ ဦးသာရှိကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

“လောလောဆယ်တော့ ဒေသခံက ကိုယ်ထူကိုယ်ထနဲ့ သွားနေကြတယ်။ အိမ်ပြန်ဆောက်နိုင်ဖို့အတွက် ပြင်ဆင်နေကြတယ်။ အဆောက်အဦ ပြိုကျမှုနဲ့ ရေကန်ပျက်စီးမှုကို အဓိက ရင်ဆိုင်ကြရတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် ယာယီနေထိုင်ရန်နှင့် ရေပြဿနာများ ကြုံတွေ့နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး စသည်တို့ အရေးပေါ် လိုအပ်လျက်ရှိရာ စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNA)ကမူ ကူညီမှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#ရှမ်းတောင် #ဒုစစ်ခေါင်းဆောင်လာရောက် #မြေပြင် #အကူအညီရရှိခြင်းမရှိ #ငလျင်ဒဏ်သင့် #ထိခိုက်ပျက်စီး #သေဆုံးစာရင်းကို #လျော့နည်းထုတ်ပြန် #Ayeyarwaddy_Times