
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က ဒေသခံရွာသား ၄၀ ခန့် ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇာဒီကျေးရွာအတွင်းသို့ စစ်ကား ၁၅ စီး အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် မတ်လ ၃၁ ရက် နံနက် ၈ နာရီ ကျော်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဒီကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက် ညပိုင်းက ဇာဒီကျေးရွာ အနောက်ဘုန်းကြီး ကျောင်းတွင်တပ်စွဲပြီး ဒေသခံရွာ သား ၅၀ ကျော်ကိုဖမ်းဆီး ထားကြောင်း ဖမ်းဆီးခံရသည့် မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
” မတ် ၃၁ ရက် ညက ဖမ်းဆီးထားတာ ယောကျ်ားရော မိန်းမပါ ဆိုရင် ၅၀ ကျော်တယ်ရှင်။ ဒီကနေ့ မနက်ပိုင်းမှာတော့ မိန်းကလေးတွေ ကိုပြန်လွှတ်ပေးပြီး ယောကျ်ားလေး သီးသန့်ကို ဆက်လက် ဖမ်းဆီးထားသေးတယ်။ အားလုံးဆို လူပေါင်း ၄၀ လောက် ကျန်သေးတယ်။ လုံးဝ ပြန်မလွှတ် ပေးသေးဘူး” ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းနှင့် အတူဖမ်းဆီးခံထားရသည့် ဒေသခံရွာသားများကို ရေဖြူမြို့နယ် ၊ နဘုလယ်သေ ၊ ထားဝယ်ရေနက် ဆိပ်ကမ်းတည်ရှိရာသို့ စစ်ကြောင်းနှင့် အတူခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီးများနှင့် နီးစပ်သူ ဒေသခံအချို့က ဆိုသည်။
“ယောကျ်ားတွေကိုက ထားဝယ်ရေနက် ဆိပ်ကမ်း အထိ စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားမယ်လို့ သိရတယ်။ အခုနေ့လယ်ပိုင်းမှာတော့ ခေါင်ပြန်ရွာဖက်ကို စစ်ကြောင်း ဦးတည်ထားတယ်” ဟု ပြန်လည် လွတ်မြောက်လာသူများနှင့် နီးစပ်သည့်ဇာဒီကျေးရွာ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ကြောင့်လျှပ်စစ်မီး ၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းကြောင်း ဒေသခံများ အကြား အဆက်အသွယ်လုပ်ဖို့ ခက်ခဲမှုများရှိနေကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီစစ်ကြောင်း ထိုးရာတွင် လူသားဒိုင်းအဖြစ် ပြုလုပ်ခံခဲ့ရသည့် ဒေသခံရွာသားများ (ပုံဟောင်း)
#ရေဖြူ #ဇာဒီကျေးရွာအုပ်စု#စစ်ကြောင်းထိုးဝင်ရောက် #စစ်ကောင်စီတပ် #ဒေသခံရွာသား #၄၀ခန့် #လူသားဒိုင်းဖမ်းဆီး #Ayeyarwaddy_Times