ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

နေပြည်တော်တွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ် အဆောက်အဦများ ပြိုကျအက်ကွဲမှုများရှိသည့် အတွက် နေအိမ်များတွင် မနေထိုင်ကြရန် ယမန်နေ့ မတ် ၃၁ ရက်က လိုက်လံဆော်ဩသူနှစ်ဦးကို စစ်တိုင်းမှူးက အပြစ်ပေးထားကြောင်း သိရသည်။

နေပြည်တော်နယ်မြေတွင် စည်ပင်မှဝန်ထမ်းနှစ်ဦးသည် လက်ကိုင်စပီကာဖြင့် နေအိမ်များတွင် မနေကြဘဲ အိမ်အပြင်တွင်နေထိုင်ကြရန် ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံဆော်ဩစဉ် စစ်တိုင်းမှူးနှင့်တိုးပြီး ဓာတ်တိုင်တွင် ကြိုးတုပ်ခံခဲ့ရကြောင်း CDM စစ်သား ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

ပျကိစီးပြိုကျ ဆုံးရှုံးမှုများခဲ့သည့် ခလရ ၈၅ ကို သွား ရောက်စစ်ဆေးပြီးပြန်လာသည့် စစ်တိုင်းမှူးနှင့် စည်ပင်ဝန်ထမ်းနှစ်ဦးတို့ ထိပ်တိုက်တိုးရာ ဝန်ထမ်းနှစ်ဦးမှာ အရက်သောက်ထားပြီး မူးနေသည့်အတွက် စစ်တိုင်းမှူးက ၎င်းတို့နှစ်ဦးကို ဓာတ်တိုင်တွင်ကြိုးတုပ်၍ထားခဲ့ကြောင်း သိရသည်။

“တိုင်းမှူးက သူ့ကို တပ်ရေးဗိုလ်ကြီးက အရပ်ဝတ်နဲ့ကြိုလို့ဆိုပြီး စိတ်ဆိုးမပြေသေးဘူး။ စည်ပင်ဝန် ထမ်းနှစ်ဦးနဲ့တွေ့တော့ ဘယ်သူအော်ခိုင်းတာလဲလို့မေးတယ်။ ဝန်ထမ်းနှစ်ဦးကလည်း စည်ပင်လူကြီးကအော်ခိုင်းတာလို့ ဖြေပါတယ်။ အဲဒါနဲ့ ဓာတ်တိုင်မှာ ကြိုးတုပ်ထားခဲ့တယ်လို့ သိရပါတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်တွင် အဆောက်အဦများအောက်ပိ၍ သေဆုံးသူများထံမှ အပုပ်နံ့များ စတင်ထွက်လာနေပြီဖြစ်ပြီး စစ်ကောင်စီက ပြည်သူကိုအဓိကထား ကူညီနိုင်ခြင်းမရှိသေးဘဲ စစ်ရုံးအတွင်း ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို အရေးတကြီးပြင်ဆင်နေကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်ခံလိုက်ရသည့် အဆောက်အဦများအောက်တွင် ပိတ်မိနေသူ ထောင်ဂဏန်းနီးပါးထိရှိနိုင်ကြောင်း ဒေသတွင်းကယ်ဆယ်ရေးလုပ်နေသည့် ကူညီသူတစ်ဦးထံမှ သိရသည်။

လတ်တလောတွင် နေပြည်တော်၌ Kpay၊ Wave Pay စသည့် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းများ ဝန်ဆောင်မှုရပ်‌ဆိုင်းထားပြီး ဈေးနှင့် ဈေးဆိုင်ခန်းအများ စုမှာလည်း ပိတ်သိမ်းထားကြောင်း သိရသည်။

မန္တလေးနှင့် စစ်ကိုင်းတို့ကို ဗဟိုပြုကာလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

ပုံစာ-နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်တွင် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် မကွေးတိုင်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ

#နေပြည်တော် #စစ်တိုင်းမှူး #စည်ပင်ဝန်ထမ်း #ဓာတ်တိုင် #ကြိုးတုပ် #Ayeyarwaddy_Times