ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

အင်းအားပြင်းထန်သောငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း၌ ၄၆ ကြိမ်မြောက်ငလျင်လှုပ်ခတ်မှုအဖြစ် ယနေ့ ဧပြီ ၁ ရက်နေ့ ညနေပိုင်းတွင် တံတားဦးမြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာမှ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်သွားကြောင်း စစ်ကောင်စီမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။

မတ် ၂၈ ရက်နေ့က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ အဆင့်ငလျင်ကြီး နှစ်ကြိမ်လှုပ်ခတ်ပြီးနောက်ပိုင်း လေးရက်အတွင်း အင်အားအသင့်အတင့်နှင့် အင်အားရှိငလျင်များ ၄၆ ကြိမ်တိုင် ဆက်တိုက်လှုပ်ရှားခဲ့ကြောင်း မိုး/ဇလ ထံမှသိရသည်။

” ဒီနေ့ လှုပ်တယ်။ နေ့တိုင်းလှုပ်တာ။ အိမ်တွေအက်နေလို့ မနေရဲဘူး။ လမ်းပေါ်ပဲထွက်နေရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ၄၆ ကြိမ်မြောက်ငလျင်လှုပ်ခတ်သည့်မြို့များတွင် မန္တလေး၊စစ်ကိုင်း၊ မိတ္ထီလာ၊သံတောင်ကြီး၊ ထီးချိုင့်၊ နေပြည်တော်၊ မလှိုင်၊ တက်ကုန်း ၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ပုဗ္ဗသီရိ ၊ရေတာရှည် ၊ရွာငံ ၊ဝမ်းတွင်း ၊ရမည်းသင်း၊ မိုးဗြဲ ၊ကျောက်ဆည်၊ ထန်းတပင် ၊ပုသိမ်ကြီး ကျောက်မြာင်း ၊ဝက်လက်၊ သာဂရ ၊နွားထိုးကြီး ၊ပြင်ဦးလွင် ၊တောင်ငူမြို့များပါဝင်ပြီး ငလျင်ခပ်စိတ်စိတ်လှုပ်ခတ်ကြောင်းသိရသည်။

ယင်းမြို့အများစုသည် စစ်ကိုင်းပြတ် ရွေ့ကြောနှင့် ကျောက်ကြမ်းပြတ်ရွေ့ကြောပတ်ဝန်းကျင်ရှိ မြို့များဖြစ်ကြောင်း ငလျင်ဆိုင်ရာအချက်အလက်များအရသိရသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ်ပူတာအိုအနီးမှ စတင်ကာ မုတ္တမ ပင်လယ်ကွေ့မြောက်မှ တောင်အထိတည်ရှိပြီး ကျောက်ကြမ်းပြတ်ရွေ့သည် ပြင်ဦးလွင်အနီးမှ စတင်ကာ တောင်ကြီးမြို့အနီးထိ တောင်မြောက်တန်းလျက်တည်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဘေးတိုက် နှင့် အထက်အောက်တွန်းတင်နေသည့် ပြတ်ရွေ့အမြောက်အများရှိနေပြီး စစ်ကိုင်း၊ ကဘော်၊ ဂွေးချို၊ အနောက် ပဲခူးရိုးမ၊ ကျောက်ကြမ်း၊ နမ့်ပွန်၊ မိုးမိတ်၊ နမ့်မ ပြတ်ရွေ့တို့သည် ထင်ရှားသောငလျင်ပြတ်ရွေ့များဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ငလျင်ကြီးလှုပ်ခတ်ပြီးငလျင်ဆက်တိုက်လှုပ် #၄၆ကြိမ်ရှိ #၂၀၂၅မြန်မာနိုင်ငံငလျင် #Ayeyarwaddy_Times