
ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဧပြီ ၁ ရက်
မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင်တွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးကြောင်း အတည်ပြုနိုင်သူ လေး ဦးရှိပြီး အတည်မပြုနိုင်သူ ရှစ် ဦး အထိရှိနေကြောင်း သိရသည်။
သေဆုံးကြောင်းအတည်ပြုနိုင်သူ လေး ဦးရှိသော်လည်း အကျဉ်းသား နှင့် အကျဉ်းထောင်ဝန်ထမ်း ခွဲခြားနိုင်ခြင်း မရှိသေးဘဲ အခြားသေဆုံးသည်ဟု ကြားသိထားရသူ ရှစ် ဦးလည်း ထပ်မံရှိနေကာ စစ်ကောင်စီဘက်ကလည်း သတင်းဖုံးဖိထားသည့်အတွက် ခက်ခဲမှုများရှိ နေကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။
“ဒီအခြေအနေကို အကျဉ်းဦးစီးဌာနက မန္တလေးအိုးဘိုအကျဉ်းထောင်နဲ့ စစ်တပ်ကရော တရားဝင် ထုတ်ပြန်ရမှာဖြစ်တယ်။ မထုတ်ပြန်တဲ့အတွက် ပြောရတဲ့အချက်အလက်တွေက အင်မတန်အခက်အခဲ ကြုံရတယ်။ သေဆုံးမှုအရေအတွက် အနည်းဆုံး လေး ဦးရှိတယ်ဆိုပေမယ့် ဒါဟာအနည်းဆုံး အရေ အတွက်ဖြစ်ပါတယ်။ မြေပြင်မှာဒီထက် ပိုမိုများနိုင်တဲ့ အခြေအနေဖြစ်တယ်” ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလျင်လှုပ်ခတ်စဉ်တွင် အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံပြိုကျခဲ့၍ အမျိုးသား တစ်ဦးသေဆုံးကာ တစ်ဦးပြင်း ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး အဆောင် ၁၊ ၂ ပြိုကျခြင်းကြောင့် အနည်းဆုံး နှစ် ဦးသေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ထောင်တွင်းထိခိုက် သေဆုံးမှုများဖြစ်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက ပွင့်လင်းစွာ သတင်းထုတ်ပြန်ခြင်း မပြုသည့်အပြင် သေဆုံးသူမိသားစုများနှင့် အကျဉ်းသား မိသားစုဝင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာလည်း မရှ်သည့်အတွက် မိသားစုဝင်များအနေဖြင့်လည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စစ်ကိုင်းမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ကြောင့် ယမန်နေ့ မတ် ၃၁ ရက်နေ့အထိ သေဆုံးသူပေါင်း ၂၀၅၆ ဦးအထိရှိပြီး ၃၉၀၀ ကျော် ထိခိုက် ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေး #အိုးဘိုထောင် #သေဆုံး #စစ်ကောင်စီ #သတင်းဖုံးဖိ #Ayeyarwaddy_Times