ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီက စက်တပ်လေထီးအပြင် လေယာဉ်များဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်အတွင်းရှိ ကညင်ကိုင်းနှင့် လဲခုံလေးကျေးရွာများကို ယမန်နေ့ မတ် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက စက်တပ်လေ ထီးဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ည ၇ နာရီဝန်းကျင်လောက်က ဝါးတောကွင်းကျေးရွာကို လက်နက်ကြီးနဲ့ထုတယ်၊ ဗုံးကြဲတယ်။ အခုတစ်ရွာလုံး မီးလောင်နေပါတယ်။ ငလျင်ဘေးကတစ်မျိုး စစ်တပ်ဘေးကတစ်မျိုးနဲ့”ဟု အင်္ဂပူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက်တပ်လေထီးဖြင့် နှစ်ကြိမ်ဗုံးကြဲချခဲ့ပြီး တစ်ကြိမ်လျှင် ဗုံးသီးခြောက်လုံးစီ ကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံပျော်မှ ထွက်ခွာလာသည့် စက်တပ်လေထီးနှစ်စီးဖြင့် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရေကြည်မြို့ နယ်အတွင်းရှိ ကျေးရွာများတစ်ဝိုက်ကို ဗုံးသီးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ည ၇ နာရီ ခန့်တွင် အင်္ဂပူမြို့နယ်၊ လေးမျက်နှာ အစပ်ရှိ ဝါးတောကွင်းကျေးရွာသို့ လေယာဉ်ဖြင့် သုံး ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ ဝါးတောကွင်းကျေးရွာမှာ မီးလောင်ပျက်စီးသွားပြီး ဒေသခံနှစ်ဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက်ပြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်သူများ ငလျင်ဒဏ်ခံစားနေရချိန်တွင် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို စက်တပ်လေထီး၊ ဒရုန်းနှင့် လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံစားနေရသည့်ပြည်သူများကို စာနာသောအားဖြင့် ထိုးစစ်ကို နှစ်ပတ်ကြာရပ်တန့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီရဟတ်ယာဉ်များ(ပုံဟောင်း)၊ စက်တပ်လေထီးနမူနာ(ပုံဟောင်း)

#ဧရာဝတီတိုင်း #ရေကြည် #အင်္ဂပူ #စစ်ကောင်စီ #စက်တပ်လေထီး #လေယာဉ် # ဗုံးကြဲ #Ayeyarwaddy_Times