ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချတိုက်ခိုက်နေပြီး ယနေ့ ဧပြီ ၁ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်တွင် လမြန်ကျေးရွာတစ်ဝိုက်ကို ဒရုန်းဖြင့် ငါးကြိမ် ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော် လည်း ဝိုင်းမော်ခလရ ၅၈ ဝူယာန်ပြည်သူ့စစ်စခန်းနှင့် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တို့မှ လက်နက်ကြီးများဖြင့် လမြန်ကျေးရွာ အနီးတစ်ဝိုက်ကို ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲမရှိဘူး။ စစ်တပ်က ဒရုန်းနဲ့ဗုံးလာကြဲတာ။ ပျက်စီးမှုတော့ မသိရသေးပါဘူး။ ဗုံးလာကြဲ တာတော့ အမှန်ပါပဲ။ လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းလိုပစ် နေတာပါ။ ဒီနေ့ လမြန်ကျေးရွာနားကို တင့်ကား ခုနစ် စီးနဲ့ စစ်ကြောင်းဝင်လာတာရှိတယ်။ အဲဒါကြောင့် ကြိုရှင်းတဲ့အနေနဲ့ ဗုံးကြဲနေတာလို့ ထင်တယ်”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက် နေ့လည် ၂ နာရီခန့်က လမြန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်နှင့် KIA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် အင်းတော်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဧပြီ ၁ ရက်နေ့ ၁၂ နာရီ ၃၃ မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ လေးကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီကျော်မှ ၁ နာရီအတွင်း ဗုံးလေးကြိမ် ကြဲချတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-ဗုံးကြဲနေသည့် စစ်ကောင်စီ တိုက်လေယာဉ်များ (ပုံဟောင်း)
#ကချင် #ဝိုင်းမော် #စစ်ကောင်စီ #ဒရုန်းဗုံး #ကြဲချ #အင်းတော် #လေယာဉ် #ဗုံးကြဲ #Ayeyarwaddy_Times