
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၈ နယ်မြေအတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃၈ ဦးသေဆုံးကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ မတ် ၃၁ ရက် ညနေပိုင်းတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ရာ မိုးညှင်းမြို့ နယ်အတွင်းရှိ အရပ်သားပြည်သူများကို ထိမှန်ပြီး ဒေသခံ ၃၈ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“လုံခြုံရေးအရာရော ဆက်သွယ်ရေးအရပါ တည်နေရာကို အတည်ပြုလို့မရပါဘူး။ ဒေသခံ ၃၀ ကျော် သေတာကတော့ အမှန်ပါပဲ။ ဒဏ်ရာရသူတွေလည်းများပါတယ်။ KIA ဆီ စစ်သင်တန်းလာတက်တဲ့ လူငယ်တွေ ခဏနားနေချိန် အပစ်ခံလိုက်ရတယ်လို့ပြောယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်နားထားခြင်းမရှိဘဲ လေ ကြောင်းမှပါ ဆက်တိုက် တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ကောင်စီသည် ဂျက်ဖိုက်တာနှစ်စီးသုံး၍ မိုးညှင်းမြို့ နယ်အတွင်းသို့ လှည့်ပတ်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
KIA သည် ယမန်နေ့ မတ် ၃၁ ရက်နေ့က ပြည်သူ့စစ် မင်းဇေသန့်အဖွဲ့နှင့် စစ်ကောင်စီတို့ အင်အားပြည့်တပ်စွဲထားသည့် လဝါးရွာရှိ စစ်ကောင်စီစခန်းကို ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။
KIA သည် တနိုင်းမြို့သွားလမ်းပေါ်ရှိ အဆိုပါလဝါးစခန်းကို ပြန်လည်သိမ်းယူရာတွင် လက်နက်ခဲယမ်းများစွာပါ ရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီနှင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ကာမိုင်းမြို့ဘက်သို့ ထွက် ပြေးသွားကြောင်း သိရသည်။
စစ်ကောင်စီက ပြည်သူများ ငလျင်ဘေးသင့်နေချိန်တွင်ပင် စစ်ကြောင်းထိုးနေမှုများကိုရပ်နားထားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်မှုများကိုပါ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#ကချင် #မိုးညှင်း #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #၃၈ဦးသေဆုံး #Ayeyarwaddy_Times